ကနဦးပြောင်းရွှေ့ကြေး ပေါင် ၇၅သန်းနဲ့ အပိုဆုကြေး ၁၅ သန်းဖြစ်ပါတယ်။
Pyae Phyo Thein

စျေးကွက်စတင်ဖွင့်လှစ်ချိန်ကတည်း ဆန်ချိုနဲ့ သတင်းတွေထွက်နေခဲ့တဲ့ ယူနိုက်တက်ဟာ လက်ရှိအချိန်ထိ ခေါ်ယူနိုင်ခြင်းမရှိသေးဘဲ စျေးကွက်ပိတ်သိမ်းဖို့က တစ်ပတ်ကျော်သာ လိုတော့တာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကစားသမားဆန်ချိုကို နောက်ဆုံးအကြိမ်ကမ်းလှမ်းမှုအဖြစ် ပေါင်သန်း ၉၀ နဲ့ ကမ်းလှမ်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ စျေးကွက်စတင်ဖွင့်လှစ်ချိန်ကတည်း ဆန်ချိုနဲ့ သတင်းတွေထွက်နေခဲ့တဲ့ ယူနိုက်တက်ဟာ လက်ရှိအချိန်ထိ ခေါ်ယူနိုင်ခြင်းမရှိသေးဘဲ စျေးကွက်ပိတ်သိမ်းဖို့က တစ်ပတ်ကျော်သာ လိုတော့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ အပိုဆုကြေးပေါင် ၁၅သန်းအပါအဝင် စုစုပေါင်း ပေါင်သန်း ၉၀ အထိ အသုံးပြုသွားမှာလည်းဖြစ်ပါတယ်။ ဒါဟာ ဆန်ချိုအတွက် သူတို့ဘက်က ပေးချေနိုင်တဲ့ အတိုင်းအတာအကုန်ဖြစ်ပြီး ဒေါ့မွန်အသင်းတောင်းဆိုထားတဲ့ ပေါင် ၁၀၈ သန်းနဲ့တော့ ၁၈ သန်းအထိ ကွာဟနေတယ်လို့ The Sun ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

ဒေါ့မွန်ကတော့ အသက် ၂ဝအရွယ် သူတို့ရဲ့ကစားသမားကို ပေါင် ၁၀၈သန်းပေးမှသာ ရောင်းချမယ်လို့ အတိအလင်းပြောဆိုထားပြီး အဆိုပါပမာဏဟာ ထိုက်တန်မှုမရှိဘူးလို့ ယူနိုက်တက်က ယူဆကာ ကလပ်နှစ်သင်းကြားမှာ ညှိနှိုင်းမရဖြစ်နေခဲ့ပါတယ်။ ဒေါ့မွန်ကလည်း လုံးဝအလျှော့မပေးဘဲတင်းခံထားပြီး ယူနိုက်တက်ဟာ မူလသတ်မှတ်ထားတဲ့ ပေါင်သန်း၈၀ ကို ၁၀ သန်း ထပ်မံတိုးမြှင့်ပေးကာ ကမ်းလှမ်းသွားမှာလည်းဖြစ်ပါတယ်။ 

ဗန်ဒီဘိခ်တစ်ဦးတည်းကိုသာ ခေါ်ယူထားပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲမှာလည်း ခရစ္စတယ်ပဲလေ့ကိုပါ အရေးနိမ့်ထားခဲ့လို့ အသင်းအပေါ် ပရိသတ်တွေရဲ့ အမျက်ဒေါသက တော်တော်လေးကြီးမားနေပြီး ယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ ဖိအားတွေရှိနေပါတယ်။ ဆန်ချိုကိုသာ ခေါ်ယူပေးနိုင်မယ်ဆိုရင်တော့ ပရိသတ်တွေရဲ့ အမြင်ကြည်မှုကို ပြန်လည်ရယူနိုင်မှာဖြစ်ပြီး ဒီတစ်ကြိမ်ကမ်းလှမ်းမှုဟာ သူတို့ဘက်က နောက်ဆုံးအကြိမ်ကြိုးစားမှုလည်း ဖြစ်လာမှာဖြစ်ပါတယ်။ 


Author


က္က