ဘာသာစကား ၇ မျိုးတတ်ကျွမ်းသူဖြစ်လို့လည်း အပြောင်းအရွှေ့လောကမှာ ခေါင်းတလုံးမြင့်နေခဲ့တာပါ။

မီနိုရွိုင်အိုလာက အီတလီ-ဒတ်ချ်လူမျိုး နာမည်ကျော်ဘောလုံးအေးဂျင့်ပါ။ ဘောလုံးလောကတစ်ခုလုံးမှာ သူ့နာမည်ကို မသိသူမရှိအောင်ကို ထင်ရှားသူဆိုရင်လည်း မမှားပါဘူး။ အပြောင်းအရွှေ့လှုပ်ရှားမှုတွေမှာ ဖျံကျသူ၊ သူနဲ့လက်တွဲတဲ့ ကစားသမားတွေအတွက် မြိုးမြိုးမြက်မြက်ရအောင် ညှိနှိုင်းစေ့စပ်ပေးတတ်သူ၊ သူ့အတွက်လည်း အနည်းဆုံး ဆယ်ဂဏန်းအထက်ရှိတဲ့ သန်းချီငွေကြေးမှ မရရင် အပြောင်းအရွှေ့မလုပ်သူလို့တောင် ဆိုရပါမယ်။ 

ဒီလိုနာမည်ကြီးသတင်းမွှေးနေတဲ့ ရွိုင်အိုလာက ဇလာတန်၊ ပေါ့ဂ်ဘာ၊ ဒီလစ်၊ လူကာကူ၊ ဟာလန်း၊ ဒွန်နာရမ်မာ၊ ဗာရက်တီ၊ မစ်ခီတာရန်တို့လို နာမည်ကျော်ကစားသမားတွေနဲ့ လက်တွဲထားသူဖြစ်ပါတယ်။ ဒီထက်မကတဲ့ နာမည်ကျော်ကြယ်ပွင့်ကစားသမားအများအပြားလည်း သူ့လက်အောက်မှာရှိနေပြီး ကစားသမားတွေရဲ့ ယုံကြည်စိတ်ချရမှုကို အပြည့်အဝရရှိထားတဲ့ အေးဂျင့်လည်းဖြစ်နေပါတယ်။ စာချုပ်ပေါ်မှာ လက်မှတ်ရေးရုံတစ်ခုတည်းပဲ လုပ်ရလောက်တဲ့အထိ ရွိုင်အိုလာက မျက်နှာလွှဲထားလို့ရသူဖြစ်ပြီး သူ့ကစားသမားတွေအနေနဲ့ ဘောလုံးကလွဲပြီး ဘာမှကို စိတ်မဝင်စားဘဲ နေလို့ရတဲ့ အခြေအနေမျိုးအထိကို ဖန်တီးပေးနိုင်သူပါ။

အပြောင်းအရွှေ့ကာလရောက်တိုင်းမှာ စားပွဲခုံပေါ်မှာ ရှည်လျားထွေပြားတဲ့ ကစားသမားစာရင်းတွေ၊ မိုဘိုင်းဖုန်းတွေ ပြန့်ကျဲနေပြီး နေ့မအား၊ညမနားအလုပ်ရှုပ်နေသူဆိုရင် အဲဒါ ရွိုင်အိုလာပါပဲ။ အလုပ်အများစုကို နောက်ကွယ်ကနေသာ လုပ်ဆောင်နေခဲ့ပေမယ့်လည်း အပြောင်းအရွှေ့စျေးကွက်မှာ သိသိသာသာ သြဇာလွှမ်းမိုးမှုရှိပြီး ကစားသမားတွေကိုလည်း တောက်ပနေစေခဲ့တဲ့ ရွိုင်အိုလာအတွက် လက်ဖျားငွေသီးလာခဲ့တာက သိပ်တော့မဆန်းပါဘူး။ ဒါကြောင့်လည်းပဲ စူပါအေးဂျင့်လို့ ခေါ်ဝေါ်ခံခဲ့ရပြီး ဘောလုံးလောကမှာ ဒီနာမည်ရဲ့ အဓိပ္ပာယ်က သူ့ရဲ့အလုပ်မှာ အရမ်းထိရောက်မှုရှိပြီး သန်းနဲ့ချီတဲ့လုပ်ခလစာကို ရရှိစေနိုင်တဲ့သူ၊ စျေးကွက်မှာကြီးမားတဲ့အင်အားနဲ့ သြဇာလွှမ်းမိုးမှုရှိသူလို့ ဆိုစမှတ်တွင်ကြပါတယ်။ 


ကလပ်နဲ့ ကစားသမားကြားစီးပွားရေးကို ကိုင်တွယ်တဲ့ ကြားခံဆောင်ရွက်သူဖြစ်တဲ့ အေးဂျင့်တွေဟာ စာချုပ်ပါအချက်အလက်တွေ၊ လုပ်ခလစာတွေ၊ အကျိုးအမြတ်အများအပြားရမယ့် စပွန်ပေးပေးချေမှုဆိုင်ရာကိစ္စရပ်တွေကို အဓိကထားကိုင်တွယ်ရပါတယ်။ ရွိုင်အိုလာလို အေးဂျင့်မျိုးကတော့ သူနဲ့ချိတ်ဆက်ထားတဲ့ ကစားသမားတွေနဲ့ပတ်သက်ပြီး အမြဲတမ်းလိုလို ဂုဏ်ဖော်ပြောဆိုနေတတ်ပြီး အားကစားလောကရဲ့ဝင်ငွေအကောင်းဆုံးကစားသမားတွေဖြစ်လာမယ်ဆိုတဲ့ မက်လုံးကို လက်စွဲထားနေတတ်ပါတယ်။ ဒါပေမယ့် သူ ပြောသလိုလည်း ဖြစ်အောင်လုပ်ပေးနေလို့လည်း အခုလိုမျိုး အေးဂျင့်လောကရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့တာပါ။ သူ့ရဲ့ ညှိနှိုင်းမှုစွမ်းရည်နဲ့ အဆက်အသွယ်ကောင်းတွေ

ပေါများတာကလည်း ကစားသမားတွေကို ကလပ်အသင်းကြီးတွေဆီ ပို့ဆောင်ပေးနိုင်တဲ့ အစွမ်းအစရှိသူလို့ သတ်မှတ်ခံခဲ့ရတာပါ။ 

၂၀၁၆ တုန်းက ပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ယူနိုက်တက်အသင်းဆီရောက်အောင် သူပဲပို့ပေးခဲ့တာပါ။ အိုးထရက်ဖို့ဒ်ကနေ အလွတ်ထွက်ပြီး ဂျူဗီကိုပြောင်းဖို့လည်း သူပဲ စီမံကိန်းချခဲ့တာပါ။ ဒါကိုကြည့်ရင် ကစားသမားတစ်ဦးရဲ့ အနေအထား၊ ခြေစွမ်း ဖြစ်နိုင်ချေတွေကို တွက်ဆရာမှာလည်း သူက ခေသူမဟုတ်ဘူးဆိုတာ သိသာပါတယ်။ နောက်ထပ်ချီးကျူးရမယ့်အချက်ကတော့ လူငယ်ကစားသမားတွေကိုပါ သူက ဆွဲဆောင်နိုင်တာပါ။ ဘာစီလိုနာကနေ ပီအက်စ်ဂျီကိုပြောင်းသွားခဲ့တဲ့ ဇာဗီဆိုင်မွန်၊ အေးဂျင့်လက်မဲ့ဖြစ်နေတဲ့ ဟာလန်းလို ကစားသမားတွေကို သူ့လက်အောက်ရောက်လာအောင် လုပ်ပြခဲ့တာကလည်း ရွိုင်အိုလာပါပဲ။ အခုဆိုရင် အဲဒီကစားသမားတွေက လစာငွေကောင်းကောင်းရနေပြီဖြစ်သလို ဟာလန်းဆိုရင် ကမ္ဘာ့အဆင့်တိုက်စစ်မှူးဘဝကို အချိန်တိုအတွင်းရောက်လာပြီး တန်ကြေးက သန်းရာဂဏန်းနဲ့ချီနေလို့ ရွိုင်အိုလာအတွက် ရွှေအိုးကြီးဖြစ်နေခဲ့တာပါပဲ။ 

ဒါပေမယ့်လည်း တချို့အပြောင်းအရွှေ့တွေမှာ ကလပ်အသင်းတွေ အရမ်းဒေါသထွက်စေလောက်တဲ့အထိ ပြုမူလို့ မျက်မုန်းကျိုးနေတာတွေလည်း ရှိပါတယ်။ ယူနိုက်တက်နည်းပြဖာဂူဆန်ဆိုရင် ရွိုင်အိုလာနဲ့ လုံးဝအလုပ်မလုပ်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောခဲ့တဲ့အထိပါ။ သူ့ကစားသမားအတွက်ဆိုရင် ဘယ်သူဘာပြောပြော၊ ဝေဖန်ဖန်ဂရုမစိုက်ဘဲ သူ့အတွက်၊ ကစားသမားအတွက် လိုချင်တဲ့အခြေအနေရောက်အောင် ရွိုင်အိုလာက သတင်းလွှင့်တတ်ပါသေးတယ်။ သူ့နှုတ်ထွက်စကားတခွန်းက ဘောလုံးလောကတခုလုံးကို လှုပ်လှုပ်ရှားရှားနဲ့ သတင်းခေါင်းကြီးပိုင်းဖြစ်လာအောင်အထိပါ ထိရောက်နေခဲ့တာပါ။ နယ်သာလန်မှာနေထိုင်တဲ့ကာလအတွင်း သူက ဘောလုံးအေးဂျင့်ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ပြီး ဟော်လန်ကစားသမားတွေကို အီတလီရောက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒင်းနစ်ဘားကမ့်လိုကစားသမားတွေပါ ပါဝင်ခဲ့ပြီး အဲဒီနောက်မှာ ကိုယ်ပိုင်အေးဂျင့်လုပ်ငန်းကို စတင်ခဲ့တာပါ။

သူနဲ့ပထမဆုံးအဓိကအပြောင်းအရွှေ့က နာမည်ကျော်ချက်ကွင်းလယ်လူပေဗယ်နက်ဗက်ကို စပါတာပရဂ်ကနေ လာဇီယိုကို ပြောင်းရွှေ့နိုင်အောင်လုပ်ပေးခဲ့တာပါ။ ဘာသာစကား ၇ မျိုးတတ်ကျွမ်းသူဖြစ်လို့လည်း အပြောင်းအရွှေ့လောကမှာ အခြားသောအေးဂျင့်တွေထက် ပိုပြီးခေါင်းတလုံးမြင့်နေခဲ့တာဆိုရင်လည်း မမှားပါဘူး။ အီတလီ၊ အင်္ဂလိပ်၊ ဂျာမန်၊ စပိန်၊ ပြင်သစ်၊ ပေါ်တူဂီ နဲ့ ဒတ်ချ်ဘာသာစကားတွေကို သူ ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပါတယ်။ Forbes ရဲ့ ဖော်ပြချက်ဆိုရင် သူ့ရဲ့အသားတင်ကြွယ်ဝမှုက ပေါင် သန်း ၅၀ အထိ ရှိနေပြီလို့ ဆိုပါတယ်။ အခုချိန်ထိလည်း သူက အေးဂျင့်လောကမှာ ဖျံကျနေဆဲ။ လက်သွက်နေဆဲပါ။ သူ့ကစားသမားတွေအတွက်လည်း ဘယ်သောအခါမှ မနစ်နာရအောင် ဖန်တီးပေးတတ်ပြီး ကလပ်အသင်းတိုင်းက ကော်မရှင်ခအများအပြားပေးနေရလို့ မကြည်ဖြူပေမယ့် မချစ်သော်လည်းအောင့်ကာနမ်းနေရဆဲပါ။ သူ့လက်အောက်မှာပဲ အေးဂျင့်လက်ခွဲအများအပြားရှိနေပြီး သူက အပေါ်ဆုံးကနေ ချုပ်ကိုင်ထားပြီး ဆရာကြီးတဆူအဖြစ် ရှိနေပါတယ်။ အသက် ၅၃ နှစ်အရွယ် အေးဂျင့်ဖျံကြီးက နောက်ထပ်နှစ်ပေါင်းများစွာလည်း ဘောလုံးလောကမှာ မင်းမူနေဦးမှာက သေချာလို့နေပါ

တယ်။ 




က္က