လစာငွေလျှော့ယူဖို့ တောင်းဆိုခဲ့မှုကို ငြင်းဆန်ခဲ့တာပါ။

နေမာရဲ့ ငြင်းဆန်မှုဟာ ငွေကြေးတစ်ခုတည်းကြောင်းမဟုတ်ဘဲ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ချင်တဲ့ သူ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့ စတင်ခြေလှမ်းပြင်တာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။


ပီအက်စ်ဂျီအသင်းဘက်ကတောင်းဆိုခဲ့တဲ့ လစာငွေလျှော့ယူဖို့ကိစ္စကို နေမာငြင်းဆန်ခဲ့တာဟာ ပြင်သစ်ကလပ်ကနေ ထွက်ခွာဖို့အတွက် ကြိုးစားနေတာဖြစ်တယ်လို့ သတင်းဌာနတချို့က ဖော်ပြသွားခဲ့့ပါတယ်။ စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ SPORT က ပီအက်စ်ဂျီကထွက်ခွာဖို့ နေမာ စတင်ကြိုးစားနေပြီလို့ ခေါင်းစဉ်တပ်ကာ ရေးသားသွားခဲ့တာဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအသင်းဥက္ကဌအယ်လ်ခီလိုင်ဖီက နေမာကို လုပ်ခလစာ ၃၀% လျှော့ချပေးဖို့ မေးမြန်းပြောဆိုခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်ခဲ့တာလည်းဖြစ်ပါတယ်။ အခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဘာပေကတော့ အသင်းဘက်ကတောင်းဆိုခဲ့မှုကို ထောက်ခံသဘောတူခဲ့တယ်လို့ သိရပြီး သီယာဂိုဆေးလ်ဗား၊ ကာဗာနီ၊ ဘားနတ်၊ ဟာရဲရားတို့ကတော့ ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ 

နေမာရဲ့ ငြင်းဆန်မှုဟာ ငွေကြေးတစ်ခုတည်းကြောင်းမဟုတ်ဘဲ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ချင်တဲ့ သူ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့ စတင်ခြေလှမ်းပြင်တာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကတည်းက နေမာဟာ အသင်းဟောင်းကို ပြောင်းရွှေ့ဖို့ ရေပန်းစားနေခဲ့သူဖြစ်ပြီး ဘာစီလိုနာဘက်က ပြောင်းရွှေ့ကြေးမတတ်နိုင်လို့ လက်လျှော့ခဲ့ရတာဖြစ်ပါတယ်။ 

လာမယ့်နွေရာသီမှာလည်း ဘာစီလိုနာက နေမာအတွက် ဆက်လက်ကြိုးပမ်းမှုတွေ ပြုလုပ်သွားဖို့ရှိနေပြီး အသင်းကစားသမားဟောင်းတွေ၊ လက်ရှိကစားနေဆဲဖြစ်တဲ့ မက်ဆီလိုကစားသမားကအစ နေမာကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းမှုကို ထောက်ခံနေကြပါတယ်။ ပီအက်စ်ဂျီကတော့ သူတို့ရဲ့တိုက်စစ်မှူးကို ဘယ်နည်းနဲ့မှ ရောင်းချသွားမှာမဟုတ်ဘူးလို့ အစဉ်တစိုက်ငြင်းဆန်နေခဲ့တာပါ။ 

နေမာကတော့ ၂၀၁၇ မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ ပီအက်စ်ဂျီအတွက် ပြည်တွင်းအောင်မြင်မှုတွေကို ရယူပေးနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၈ဝပွဲ ကစားပေးခဲ့ရာမှာ ၆၉ ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။ 




က္က