မထင်မှတ်တဲ့ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ကြံစည်နေပါတယ်။
Pyae Phyo Thein

ဆိုးလ်ရှားက ရာသီကုန်ထိ တိုက်စစ်မှူးတစ်ဦးကို အငှားနဲ့ခေါ်ယူဖို့ ဆန္ဒရှိနေပြီး အီဂါလိုနဲ့ စလီမန်နီတို့ကို ပစ်မှတ်ထားလာတာဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးအခက်အခဲပြသနာကို ဖြေရှင်းဖို့အတွက် ဝက်ဖို့ဒ်တိုက်စစ်မှူးဟောင်းအီဂါလို နဲ့ လက်စတာတိုက်စစ်မှူးစလီမန်နီတို့ကို ခေါ်ယူဖွယ်ရှိကြောင်း Sky Sports က ဖော်ပြသွားခဲ့ပါတယ်။ နောက်ကျောဒဏ်ရာကြောင့် ရက်ရှ်ဖို့ဒ်အနားယူရမယ့်အချိန်မှာ ဆိုးလ်ရှားအတွက် တိုက်စစ်ပိုင်းပြသနာက ကြီးမားလာခဲ့တာဖြစ်ပါတယ်။

အသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးထားတဲ့ ရက်ရှ်ဖို့်ဒ်ကို ကာလအတန်ကြာလက်လွှတ်ထားရမှာဖြစ်ပြီး အသင်းမှာတိုက်စစ်မှူးအဖြစ် မာရှယ် နဲ့ ဂရင်းဝုဒ််တို့သာ ရှိနေတော့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဆိုးလ်ရှားက ရာသီကုန်ထိ တိုက်စစ်မှူးတစ်ဦးကို အငှားနဲ့ခေါ်ယူဖို့ ဆန္ဒရှိနေပြီး အီဂါလိုနဲ့ စလီမန်နီတို့ကို ပစ်မှတ်ထားလာတာဖြစ်ပါတယ်။ 

အီဂါလိုကတော့ လက်ရှိမှာ တရုတ်စူပါလိဂ်ကလပ်ရှန်ဟိုင်းရှန်ဟွာအသင်းမှာ ကစားနေသူဖြစ်ပြီး ပရီးမီးယားလိဂ်အတွေ့အကြုံရှိကာ ခြေစွမ်းပြကစားနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ နိုင်ဂျီးရီးယားလက်ရွေးစင်ကစားသမားဟာ ဝက်ဖို့ဒ်နဲ့အတူ ထင်ရှားခဲ့ပြီးနောက်မှာ တရုတ်လိဂ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး လက်ရှိမှာ တရုတ်စူပါလိဂ်ရဲ့ လစာငွေကန့်သတ်မှုကြောင့် အသင်းပြောင်းရွှေ့နိုင်ချေရှိပါတယ်။

စလီမန်နီကတော့ မိုနာကိုမှာ အငှားနဲ့ကစားနေတာဖြစ်ပြီး လက်စတာနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်စတာမှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲရှိခဲ့ပြီးနောက် နယူးကာဆယ်နဲ့ ဖီနာဘာချီတို့ကို အငှားနဲ့သွားကစားခဲ့ရပြီး ဒီရာသီအတွက်တော့ မိုနာကိုမှာ အငှားနဲ့ ကစားနေရတာဖြစ်ပါတယ်။ 

လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို အသင်းကနေထွက်ခွာခွင့်ပေးခဲ့ပြီး အင်အားပြန်လည်မဖြည့်တင်းခဲ့တဲ့ အကျိုးဆက်ကို ဆိုးလ်ရှားက ရင်ဆိုင်နေရတာဖြစ်ပါတယ်။ သူ့ရဲ့အသင်းတွင်းစီမံခန့်ခွဲမှုတွေ၊ အသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေအပေါ် ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုတွေက ပိုမိုမြင့်တက်နေပြီး ဆိုးလ်ရှားအနေနဲ့ ဖိအားအကြီးအကျယ်ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ 



Author


က္က