အက်သလက်တီင်္ကိုမက်ဒရစ်၊ လိဒ်ယူနိုက်တက် နဲ့ ဘင်ဖီကာတို့က ကာဗာနီကိုဆက်သွယ်ခဲ့ပေမယ့် သဘောတူညီမှုမရရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ပီအက်စ်ဂျီအသင်းကနေ အလွတ်ထွက်ခွာခွင့်ရရှိထားတဲ့ ဥရုဂွေးတိုက်စစ်မှူးကာဗာနီဟာ ဘာစီလိိုနာအသင်းကို ကိုယ်တိုင်ဆက်သွယ်ပြီး သူ့ကိုခေါ်ယူဖို့အတွက် စုံစမ်းမေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ကာဗာနီဟာ လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေပြီး သူ့ကိုအလွတ်ခေါ်ယူနိုင်မယ့်အခွင့်အရေးရှိနေတာလည်းဖြစ်ပါတယ်။
အက်သလက်တီင်္ကိုမက်ဒရစ်၊ လိဒ်ယူနိုက်တက် နဲ့ ဘင်ဖီကာတို့က ကာဗာနီကိုဆက်သွယ်ခဲ့ပေမယ့် သဘောတူညီမှုမရရှိခဲ့ဘူးလို့လည်း သိရပါတယ်။ စပိန်သတင်းစာ SPORT ရဲ့ ဖော်ပြချက်အရဆိုရင်တော့ ကာဗာနီဟာ ဘာစီလိုနာမှာ သူ့ရဲ့အတွေ့အကြုံနဲ့ ခြေစွမ်းတွေကို အကောင်းဆုံးပြသနိုင်မယ်လို့ ယုံကြည်တာကြောင့် ဆက်သွယ်ခဲ့တာလို့ သိရပါတယ်။
ဘာစီလိုနာမှာတော့ တိုက်စစ်ကစားသမားတွေအဖြစ် မက်ဆီ၊ ဂရစ်မန်း၊ ဖာတီ၊ ကော်တင်ဟို၊ ဒမ်ဘီလီတို့ရှိနေပြီး ဆွာရက်ဇ်ကလည်း အသင်းမှာ ဆက်လက်ရှိနေသေးတာဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ကိုးမန်းက ဆွာရက်ဇ်ကို သူ့အသင်းအတွက် မလိုအပ်ဘူးလို့ ယူဆထားကာ အသင်းမှာဆက်ရှိနေရင်တောင်မှ အရန်ကစားသမားအဖြစ်နဲ့သာ ထားရှိသွားမှာဖြစ်ပါတယ်။
ဒါကြောင့် တိုက်စစ်မှူးစစ်စစ်တစ်ဦးကို ကိုးမန်းက လိုအပ်မှာဖြစ်ပြီး ကာဗာနီရဲ့ ဆက်သွယ်လာမှုက သူ့အတွက်တော့ စိတ်ဝင်စားစရာတစ်ခုဖြစ်လာမှာသေချာပါတယ်။ တစ်ဖက်မှာလည်း ဒီပိုင်းကို ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုထားပြီး လက်ရှိမှာ ကြိုးစားမှုတွေပြုလုပ်နေတယ်လို့ သိရကာ မကြာခင်ခေါ်ယူနိုင်မယ့်အလားအလာလည်းရှိနေပါတယ်။
တကယ်လို့သာ ဘာစီလိုနာက သူတို့ကြိုးစားနေတဲ့ ဒီပိုင်း၊ လော်တာရိုမာတီနက်ဇ်တို့ကို ခေါ်ယူလို့မရခဲ့ပါက ကာဗာနီကို ရေတိုအတွက် ခေါ်ယူဖွယ်ရှိတယ်လို့ ယူဆရပါတယ်။