ဇီဒန်းက ဆန္ဒပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

ရီးရဲလ်မက်ဒရစ်က ဒီဂီယာကို ကာလရှည်စိတ်ဝင်စားနေခဲ့တာဖြစ်ပေမယ့်လည်း ခေါ်ယူနိုင်ခဲ့ခြင်းတော့မရှိခဲ့ပဲ လက်ရှိမှာ စိတ်ဝင်စားမှုကို အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းဟာ ယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာအပေါ် စိတ်ဝင်စားမှုတွေကို အဆုံးသတ်လိုက်ပြီလို့ သိရပါတယ်။ ရီးရဲလ်အသင်းရဲ့ ဂိုးသမားကေလာနာဗက်စ်က အသင်းမှာဆက်လက်ရှိနေတော့မှာဖြစ်လို့ ဒီဂီယာအပေါ် စိတ်ဝင်စားနေမှုတွေကို ရီးရဲလ်ကရုုတ်သိမ်းခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။



ဇီဒန်းက ကေလာနာဗက်စ်ကို သူ့အသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရှုမြင်နေခဲ့တယ်လို့လည်း သိရကာ ကော်တွိုက်စ်နဲ့အတူ အသင်းမှာ ထားရှိသွားမှာလည်း ဖြစ်ပါတယ်။ အစောပိုင်းသတင်းတွေအရ နာဗက်စ်ကို ရီးရဲလ်မက်ဒရစ်က ပြန်လည်ရောင်းချသွားမယ်လို့ သိရပေမယ့် နောက်ဆုံးသတင်းများအရ ကစားသမားရဲ့ အနာဂတ်ဟာ ဘာနေဗျူးမှာပဲ ရှိတော့မယ်လို့ ဆိုပါတယ်။

အသက် (၃၂)နှစ်အရွယ် ကော်စတာရီကာဂိုးသမားဟာ ရီးရဲလ်အသင်းချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက်တိုက်ရယူခဲ့ရာမှာ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒီဂီယာကိုလည်း ယူနိုက်တက်က တစ်ပတ်လုပ်ခ ပေါင် (၃၅၀၀၀၀)အထိ လစာတိုးမြှင့်ပေးချေကာ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားခဲ့ပါတယ်။

ပီအက်စ်ဂျီကလည်း ဒီဂီယာကို ခေါ်ယူဖို့ထက် အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာကို ဦးစားပေးကြိုးစားနေခဲ့ပါတယ်။ လီယိုနာဒိုကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့ပြီးနောက်မှာ ပြင်သစ်ကလပ်က ဒီဂီယာကို စိတ်ဝင်စားမှုမရှိတော့ပဲ အီတလီလူငယ်ဂိုးသမားကိုသာ ပစ်မှတ်ထားနေခဲ့တာလည်း ဖြစ်ပါတယ်။

ဥရောပကလပ်တွေက ဒီဂီယာအတွက် ကမ်းလှမ်းမှုတွေ မရှိခဲ့လို့ စပိန်ဂိုးသမားအနေနဲ့ အိုးထရက်ဖို့ဒ်မှာပဲ ဆက်လက်ရှိနေဖို့ နီးစပ်နေခဲ့ပါတယ်။ ဒီအတွက်ကြောင့် နာဗက်စ်ကလည်း ဘာနေဗျူးမှာသာ ဆက်ရှိဖို့ မျှော်လင့်နိုင်ခဲ့တာဖြစ်ပြီး ကော်တွိုက်စ်နဲ့အပြိုင် ပထမဂိုးသမားနေရာကို လုယူရတော့မှာလည်း ဖြစ်ပါတယ်။ လာမယ့်ရာသီအတွက် ကော်တွိုက်စ်ကို ဇီဒန်းက ပထမဂိုးသမားနေရာအဖြစ် သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က