ဒီဘာလာရဲ့ အေးဂျင့်ဟာ အင်္ဂလန်ကို ရောက်ရှိနေတယ်လို့ သိရပြီး ပုဂ္ဂိုလ်ရေး သဘောတူညီမှုရဖို့အတွက် ယူနိုက်တက်နဲ့ တွေ့ဆုံဖွယ်ရှိနေတယ်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီဘာလာ နဲ့ လူကာကူတို့ကို အလဲအထပ်ပြုလုပ်ဖို့ ဆွေးနွေးမှုတွေကို အင်္ဂလန်မှာ ပြုလုပ်နေဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒီဘာလာရဲ့ အေးဂျင့်ဟာ အင်္ဂလန်ကို ရောက်ရှိနေတယ်လို့ သိရပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူဖို့အတွက် ယူနိုက်တက်နဲ့ တွေ့ဆုံဖွယ်ရှိနေတယ်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
လူကာကူအတွက် အင်တာမီလန်က ပေါင် (၅၄)သန်းသာ ပေးချေဖို့ ရှိနေခဲ့ပြီးနောက်မှာ အဆိုပါကမ်းလှမ်းမှုကို ယူနိုက်တက်က ငြင်းပယ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်က ကစားသမားအလဲအထပ်ပြုလုပ်သွားဖို့ ကမ်းလှမ်းထားတဲ့အပေါ်မှာ ယူနိုက်တက်က စိတ်ဝင်စားနေပြီး ဒီဘာလာရဲ့ ဆုံးဖြတ်ချက်က ဒီအပြောင်းအရွှေ့ကို အဆုံးအဖြတ်ပေးသွားမှာလည်း ဖြစ်ပါတယ်။
မနေ့က ရာသီကြိုခြေစမ်းပွဲအဖြစ် နော်ဝေမှာ ယူနိုက်တက်က Kristiansund အသင်းနဲ့ ကစားခဲ့ပြီး ဒီဘာလာရဲ့အေးဂျင့်အဖြစ်ဆောင်ရွက်ပေးနေတဲ့ အစ်ကိုဖြစ်သူ မာရီယာနိုက အင်္ဂလန်ကို ရောက်ရှိနေပြီး ဆိုးလ်ရှားနဲ့ပါ စကားပြောဆိုမှုတွေ ပြုလုပ်သွားဖွယ်ရှိတယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။
ဒီဘာလာကတော့ မကြာခင်မှာ တူရင်ကို ပြန်လည်လာရောက်ပြီး သူ့အနာဂတ်ကို နည်းပြဆာရီနဲ့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဆာရီဘက်က သူ့ရဲ့နည်းစနစ်နဲ့ အသင်းအတွက် ဒီဘာလာမလိုအပ်ဘူးလို့ ပြတ်ပြတ်သားသားပြောကြားခဲ့မယ်ဆိုရင် အာဂျင်တီးနားတိုက်စစ်မှူးက ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ လက်ခံဖွယ်ရှိတယ်လို့ အီတလီသတင်းစာများက သုံးသပ်ခဲ့ကြပါတယ်။
လူကာကူကတော့ ရာသီကြိုပွဲစဉ်တွေမှာ အသင်းနဲ့အတူ လိုက်ပါခဲ့ပေမယ့် တစ်ပွဲမှမကစားခဲ့ရတဲ့အပြင် လက်ရှိမှာလည်း အသင်းနဲ့လမ်းခွဲပြီး ဘယ်လ်ဂျီယံကို ပြန်သွားခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့အေးဂျင့်နဲ့ လူကာကူက တွေ့ဆုံဆွေးနွေးခဲ့ပြီး အိုးထရက်ဖို့ဒ်က သေချာပေါက်ထွက်ခွာတော့မှာဖြစ်ကာ အင်တာမီလန် (သို့) ဂျူဗင်တပ်စ်တစ်သင်းသင်းကို ပြောင်းရွှေ့မယ်လို့ မျှော်လင့်ရပါတယ်။