ယူရိုသန်း (၄၀)နဲ့ သဘောတူညီမှု ရရှိခဲ့တာပါ။
Pyae Phyo Thein

ဇင်းနစ်ဟာ မယ်လ်ကွန်ကို ယူရိုသန်း (၄၀)နဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပြီး အပိုဆုကြေး ယူရို (၅)သန်းအထိ ထပ်မံ ပေးချေသွားရမယ်လို့လည်း သိရပါတယ်။

ရုရှကလပ်ဇင်းနစ်စိန့်ပီတာဇဘက်အသင်းဟာ ဘာစီလိုနာတောင်ပံကစားသမားမယ်လ်ကွန်ကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာနိုင်တော့မယ်လို့ သိရပါတယ်။ Goal.com ရဲ့ ဖော်ပြချက်အရ ဇင်းနစ်ဟာ မယ်လ်ကွန်ကို ယူရိုသန်း (၄၀)နဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပြီး အပိုဆုကြေး ယူရို (၅)သန်းအထိ ထပ်မံပေးချေသွားရမယ်လို့ ဆိုပါတယ်။


လာလီဂါချန်ပီယံဘာစီလိုနာအသင်းဟာ မယ်လ်ကွန်ကို ပြီးခဲ့တဲ့ရာသီမှာ ရိုးမားနဲ့အပြိုင် ဘော်ဒိုးကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ယူရို (၄၁)သန်းအထိ ပေးချေခဲ့ရပါတယ်။ နူးကမ့်မှာတစ်ရာသီကြာသာ ကစားခဲ့ပြီးနောက်မှာ မယ်လ်ကွန်ကို ပြန်လည်ရောင်းထုတ်သွားဖို့ ဘာစီလိုနာက ကြိုးပမ်းနေပြီး ဇင်းနစ်နဲ့ သဘောတူညီမှုရရှိဖို့ အနီးစပ်ဆုံးဖြစ်နေခဲ့ပါတယ်။

မယ်လ်ကွန်ဟာ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ (၂၄)ပွဲသာ ကစားပေးခဲ့ရပြီး သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှုနှစ်ကြိမ်သာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ပုံမှန်နေရာရဖို့အတွက် ရုန်းကန်ခဲ့ရပြီး လူစားဝင်ကစားသမားအဖြစ်နဲ့သာ ကစားခဲ့ရချိန်က ပိုမိုများပြားခဲ့ပါတယ်။ အသက် (၂၂)နှစ်အရွယ် ကစားသမားကိုယ်တိုင်ကလည်း အသင်းကနေ ပြန်လည်ထွက်ခွာဖို့ ဆန္ဒရှိနေခဲ့ပါတယ်။

ဘာစီလိုနာက မယ်လ်ကွန်ကို ယူရိုသန်း (၁၈၀)တန်ကြေးရှိတဲ့ စာချုပ်ဖျက်သိမ်းကြေးကို ချုပ်ဆိုထားပေမယ့် ကစားသမားရဲ့ခြေစွမ်းပိုင်းကြောင့် ခေါ်ယူခဲ့စဉ်က တန်ဖိုးအတိုင်းသာ ပြန်လည်ရောင်းချသွားရမှာဖြစ်ပါတယ်။ ဂရစ်မန်းကို ခေါ်ယူနိုင်ခဲ့ပြီးနောက် မယ်လ်ကွန်က အသင်းအတွက် မလိုအပ်တော့ဘူးလို့လည်း ဗယ်လ်ဗာဒီက ယူဆခဲ့ပါတယ်။

အာဆင်နယ်၊ အဲဗာတန် နဲ့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်တို့က မယ်လ်ကွန်ကို စိတ်ဝင်စားခဲ့ကြပေမယ့်လည်း ဇင်းနစ်က အချိန်တိုအတွင်းမှာပဲ ခေါ်ယူနိုင်ဖို့ ကြိုးစားနိုင်ခဲ့တာဖြစ်ပါတယ်။ မယ်လ်ကွန်အနေနဲ့ ဇင်းနစ်နဲ့ဆေးစစ်မှုခံယူဖို့ ပြင်ဆင်နေပြီလို့ သိရပြီး မကြာခင်မှာ အပြီးသတ်သဘောတူညီမှုကို တရားဝင်ကြေညာသွားတော့မှာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က