လိုင်လီကတော့ ပေါ်တူဂီကလပ်ဘိုအာဗစ္စတာကို အငှားချလိုက်ပါတယ်။
Pyae Phyo Thein

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကယ်ဒမီကထွက်ပေါ်လာခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့်အိန်ဂျယ်ဂိုမက်စ်ဟာ လိုင်လီအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ပေါ်တူဂီကလပ် ဘိုအာဗစ္စတာအသင်းကို အငှားနဲ့သွားရောက်ကစားတော့မယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ပြင်သစ်ကလပ်အတွက် ချက်ချင်းကစားရဥိးမှာမဟုတ်ဘဲ ပေါ်တူဂီကလပ်ကို အငှားချခံခဲ့ရတာဖြစ်ပါတယ်။

ဇူလိုင်လ ၁ ရက်နေ့မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး စာချုပ်သစ်အတွက် ကမ်းလှမ်းမှုကို ဂိုမက်စ်ကငြင်းဆန်ခဲ့တယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ အသင်းကြီးမှာ ပါဝင်ကစားခွင့်ရှားပါးခဲ့တဲ့နောက် ဒီကွင်းလယ်လူက အသင်းကထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သူ့ရဲ့အင်စတာဂရမ်ကတဆင့် အသင်းကို နှုတ်ဆက်စကားလည်း ဆိုခဲ့ပါတယ်။ 

အသက်ငါးနှစ်အရွယ်ကတည်းက ယူနိုက်တက်ကိုရောက်ရှိခဲ့တဲ့ ဂိုမက်စ်ဟာ ၂၀၁၇ မေလအတွင်းမှာ အသင်းကြီးအတွက် စတင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဒါဟာ ၁၉၅၃ ခုနှစ်နောက်ပိုင်းမှာ ယူနိုက်တက်အတွက် အသက်အငယ်ဆုံးပွဲထွက်ခွင့်ရသူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သူ့ရဲ့ အသက် ၁၆ နှစ်နဲ့ ၂၆၃ ရက်မှာ ကစားခဲ့ရတာလည်းဖြစ်ပါတယ်။ 

အင်္ဂလန်ယူ၁၇ အသင်းနဲ့အတူ ၂၀၁၇ လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပေမယ့်လည်း ဂိုမက်စ်အတွက် ယူနိုက်တက်အသင်းကြီးမှာ ပွဲထွက်ခွင့်က အကန့်အသတ်နဲ့သာ ရှိနေခဲ့ပါတယ်။ ဆိုးလ်ရှားအသင်းကို ရောက်ရှိလာပြီးနောက် ဂိုမက်စ်က စုစုပေါင်းမှ ၈ ပွဲတည်းသာ ကစားခွင့်ရခဲ့ပြီး ပွဲထွက်ခွင့်လုံးဝမရခဲ့ဘဲ လူစားဝင်ကစားသမားအဖြစ်နဲ့သာရှိနေခဲ့တာပါ။

"အခုချိန်က ကျွန်တော့်အတွက် နောက်တဆင့်ကိုသွားရတော့မှာပါ၊ ကလပ်အသင်းနဲ့ အသင်းမှာရှိနေတဲ့အားလုံး အကောင်းဆုံးဖြစ်ကြပါစေလို့ ကျွန်တော်ဆန္ဒပြုပါတယ်၊ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ဂိုမက်စ်က ရေးသားပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ဂိုမက်စ်ကို အသင်းမှာဆက်လက်ထိန်းသိမ်းထားလိုပေမယ့် ကစားသမားဘက်က ငြင်းဆန်ခဲ့တဲ့နောက်မှာ လက်လျှော့ခဲ့ရပါတယ်။ 


Author


က္က