လာမယ့် ၂၀၂၂ ခုနှစ်မှာ ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်သူပါ။

ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုဟာ ၎င်းရဲ့ အောင်မြင်တဲ့ကစားသမားဘဝကို အသင်းဟောင်းမှာ အဆုံးသတ်သွားမယ်လို့ အရိပ်အမြွက်ပြောကြားခဲ့တယ်လို့ Foxsportsasia ရဲ့သတင်းအရ သိရပြီး အသင်းဟောင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲမက်ဒရစ်တို့အတွက် အချက်ပေးခေါင်းလောင်းသံတွေ မြည်လာခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ လာမယ့် ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး နောက်ထပ်စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘူးလို့ ဂျူဗင်တပ်အသင်းကို အသိပေးထားတယ်လို့ Diario Gol ရဲ့ ဖော်ပြချက်အရ သိရပါတယ်။



ရော်နယ်ဒိုုဟာ ၎င်းရဲ့ ကစားသမားဘဝကို အောင်မြင်မှုတွေ အစပြုခဲ့တဲ့ အသင်းဟောင်းမှာပဲ အဆုံးသတ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ပြီး ဘလွန်းဒီအော် ၅ ဆုရှင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့်အသင်းက လက်ရှိမှာလည်း အောင်မြင်မှုတွေ ရရှိနေတဲ့အသင်းဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

ရော်နယ်ဒိုအနေနဲ့ မက်မောလောက်ဖွယ်ကမ်းလှမ်းမှုတွေ ပြုလုပ်နိုင်တဲ့ တရုတ်စူပါလိဂ်နဲ့ မေဂျာလိဂ်ကို ပြောင်းရွှေ့နိုင်တယ်လို့ Diario Gol က ဖော်ပြခဲ့ပေမယ့် ဖြစ်နိုင်ခြေနည်းပါးတဲ့ ယူဆချက်လို့ ဆိုရမှာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ငွေကြေးထက် ကစားသမားဘဝ အောင်မြင်မှုကိုသာ ပိုမက်မောတဲ့ကစားသမားဖြစ်တာကြောင့် ကစားသမားဘဝ နေဝင်ချိန်ကို ကမ္ဘာ့ထိပ်သီးလိဂ် ၅ ခုအတွင်းက လိဂ်တစ်ခုမှာသာ အဆုံးသတ်မယ်လို့ တထစ်ချ ယူဆနိုင်ပါတယ်။]

ရော်နယ်ဒိုဟာ မကြာသေးမီကမှ ကစားသမားဘဝ ၆၉၉ ဂိုးမြောက် သွင်းဂိုးကို သွင်းယူခဲ့ပြီး ပေါ်တူဂီအသင်းအတွက် လူဇင်ဘတ်နဲ့ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ နိုင်ငံတကာသွင်းဂိုး ၉၄ ဂိုးမြောက် သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းအတွက် ၄၃၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၄၅၀၊ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၂၉၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၁၈ ဂိုး၊ ဂျူဗင်တပ်အသင်းအတွက် လက်ရှိ ပါဝင်ကစားပေးခဲ့တဲ့ ၅၁ ပွဲမှာ ၃၂ ဂိုးနဲ့ စပို့တင်းလစ္စဘွန်းအသင်းအတွက် စီနီယာကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့တဲ့ ပွဲ ၃၀ မှာ ၅ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပါတယ်။



က္က