ဇာဟာအတွက် ပေါင်သန်း (၁၀၀)အထိ ပဲလေ့က ဈေးနှုန်းသတ်မှတ်ကာ ခေါ်ယူမယ့်အသင်းတွေကို ဟန့်တားသွားခဲ့တာဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့အသင်းဟာ သူတို့အသင်းရဲ့ အဓိကကစားသမား အာရွန်ဝမ်ဘစ်စ်ကာကို ယူနိုက်တက်အသင်းထံ ရောင်းချခဲ့ပြီးနောက် နောက်ထပ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ဇာဟာကို လက်လွှတ်မခံရစေဖို့အတွက် ပြောင်းရွှေ့ကြေးကို ဈေးနှုန်းတိုးမြှင့်သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဇာဟာအတွက် ပေါင်သန်း (၁၀၀)အထိ ပဲလေ့က ဈေးနှုန်းသတ်မှတ်ကာ ခေါ်ယူမယ့်အသင်းတွေကို ဟန့်တားသွားခဲ့တာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာ ယူနိုက်တက်ကနေ ပဲလေ့ကို ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ ဇာဟာဟာ ပဲလေ့ရဲ့ အဓိကကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတောင်ပံကစားသမားတစ်ဦးအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားက လက်ရှိမှာ အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး အာဆင်နယ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။
ကလေးဘဝကတည်းက အာဆင်နယ်အသင်းကို အားပေးခဲ့တဲ့ ဇာဟာက အူနိုင်းအမ်မရီလက်အောက်မှာ အာဆင်နယ်အတွက် ကစားပေးဖို့ ဆန္ဒရှိနေပါတယ်။ အာဆင်နယ်ကလည်း ဇာဟာကို အလိုရှိနေခဲ့ပေမယ့် ပဲလေ့က ကစားသမားအတွက် ပေါင်သန်း (၈၀)အထိ တောင်းဆိုခဲ့လို့ အခက်တွေ့နေချိန်မှာ နောက်ထပ်ဈေးနှုန်းတိုးမြှင့်ခဲ့တာက အာဆင်နယ်အတွက် ပိုမိုစိတ်ပျက်စရာဖြစ်လာခဲ့ရပါတယ်။
Daily Mail ရဲ့ဖော်ပြချက်အရ ဇာဟာကို ပဲလေ့က လက်လွှတ်မခံချင်ဘူးလို့ သိရပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားဖို့အတွက် ဈေးနှုန်းသတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဘစ်စ်ကာအပြင် ဇာဟာကိုပါ လက်လွှတ်ခဲ့ရမယ်ဆိုရင် အသင်းရဲ့ဟန်ချက်ပျက်ပြားသွားမယ့်အပေါ် နည်းပြရွိုင်းဟော့ဆန်က စိုးရိမ်နေတယ်လို့လည်း Daily Mail က ရေးသားခဲ့ပါတယ်။
ပဲလေ့ရဲ့ ဆုံးဖြတ်ချက်က အာဆင်နယ်ကို အထိနာစေမှာဖြစ်သလို မျှော်လင့်ချက်ကင်းမဲ့သွားစေမှာလည်း ဖြစ်ပါတယ်။ အပြောင်းအရွှေ့အသုံးစရိတ် ပေါင် (၄၅)သန်းသာ သုံးစွဲခွင့်ရထားလို့ ကစားသမားခေါ်ယူမှုမှာ စီစစ်သုံးစွဲသွားရမယ့် အမ်မရီအတွက် သူ အလိုရှိနေတဲ့ ကစားသမားကို ခေါ်ယူနိုင်ဖို့က ပိုမိုပြီး ေ၀ဝါးသွားခဲ့ပြီလည်း ဖြစ်ပါတယ်။