အအေးလှိုင်းကြောင့် အာဂျင်တီးနားမှာ ဒုက္ခရောက်နေတဲ့ အိမ်ခြေယာမဲ့တွေကို တတ်နိုင်တဲ့ဖက်က ကူညီဖို့ဆုံးဖြတ်ခဲ့ပြီး ရိုစာရီယိုရှိ ၎င်းရဲ့စားသောက်ဆိုင်ကနေ ၁၅ ရက်တိတိ ညစဉ် ၇ နာရီနဲ့ ၉ နာရီအတွင်း အစားအသောက်လှူဒါန်းမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ကိုပါအမေရိကဖလား ပြိုင်ပွဲအပြီးမှာ မက်ဆီအနေနဲ့ ဘောလုံးကစားရာမှာ တဖက်လူကို ဂရုစိုက်ခြင်း မရှိဘူးလို့ ဝေဖန်ခံနေရပေမယ့် ကွင်းပြင်ပမှာတော့ ဒီလိုမျိုး ဝေဖန်လို့ မရနိုင်ဘူးဆိုတာ သူ့လုပ်ရပ်က ဖော်ပြနပေါတယ်။ မက်ဆီက အာဂျင်တီးနားမှာရှိတဲ့ အိမ်ခြေယာမဲ့တွေအတွက် အစားအစာတွေ လှူဒါန်းနေတယ်လို့ Daily Mail သတင်းက ပြောပါတယ်။
အာဂျင်တီးနားနိုင်ငံမှာ လတ်တလေလာ အအေးလှိုင်းဖြတ်နေမှုကြောင့် အိမ်ခြေယာမဲ့တွေအတွက် အထောက်အပ့ံ့ ဖြစ်စေဖို့ လိုအပ်မယ့် အစားအသောက်တွေကို သူပိုင်ဆိုင်တဲ့ စားသောက်ဆိုင်ကနေ လှူဒါန်းဝေငှခဲ့တာပါ။
အအေးလှိုင်းကြောင့် လူ ၅ ဦးသေဆုံးသွားခဲ့ပြီ ဖြစ်တယ်လို့လည်း အာဂျင်တီးနား ပြည်တွင်း မီဒီယာတွေက ဖော်ပြလာတာ သိရပြီး ဒီသတင်းကြောင့် လမ်းပေါ်မှာ အိပ်နေသူတွေအတွက် စိတ်မသာသာရာ ဖြစ်စေလာခဲ့ပါတယ်။
ဒီအခြေအနေမှာတော့ မက်ဆီအနေနဲ့ သူတတ်နိုင်တဲ့ ဖက်က လူတွေကို ကူညီဖို့ ကြိုးစားလာပြီး မွေးရပ်မြေ ရိုစာရီယိုမှာဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်ကနေ အိမ်ခြေယာမဲ့တွေအတွက် အစားအသောက်တွေကို လှူဒါန်းခဲ့တာပါ။
“ကျွန်တော်တို့အနေနဲ့ အစားအစာတွေအပြင် ကော်ဖီ၊အအေးနဲ့ဝိုင်တွေကိုလည်း လှူဒါန်းပေးပါတယ်။” လို့ အဆိုပါ VIP လို့ အမည်ရတဲ့စားသောက်ဆိုင်ရဲ့ မန်နေဂျာက Marca သတင်းဌာနကို ပြောပါတယ်။ ဒီလှူဒါန်းမှုကိုတော့ ၁၅ ရက်လောက် ညစဉ် ၇ နာရီကနေ ၉ နာရီအတွင်း ပြုလုပ်ပေးသွားမယ်လို့လည်း သိရပါတယ်။