ရစ်ချာလီဆန်ကတော့ ဒီရာသီမှာ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ပြောချင်စရာ ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ အဲဗာတန်အသင်းရဲ့ သမိုင်းမှာ ဈေးအမြင့်မားဆုံးပေးချေပြီး ခေါ်ယူခဲ့ရတဲ့ အသက် (၂၁)နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူးဟာ အသင်းအတွက် (၃)ဂိုးသွင်းယူပေးခဲ့ပြီးချိန်မှာ ဘရာဇီးလ်လက်ရွေးစင်အသင်းကြီးရဲ့ ရွေးချယ်မှုကို ခံခဲ့ရပါတယ်။ အမေရိကန်နဲ့ပွဲမှာ (၁၅)မိနစ်ကြာ ဝင်ရောက်ကစားခဲ့ရတဲ့ ရစ်ချာလီဆန်ဟာ ဘရာဇီးလ်အတွက် ဒုတိယမြောက်ပွဲအဖြစ် အယ်လ်ဆာဗေဒိုနဲ့ပွဲကို ပွဲထွက်ပါဝင်ခဲ့ရပြီး (၂)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အင်တာဗျူးလေးကို ဖတ်ကြည့်ကြရအောင်။
Photo : Correio do Seridó
AS "အဲဗာတန်ရဲ့ သမိုင်းတစ်လျှောက် အမြင့်ဆုံးပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခံခဲ့ရတယ်၊ ရာသီအစမှာပဲ (၃)ဂိုးသွင်းနိုင်ခဲ့ပြီး ဂိုးသွင်းဇယားမှာ ထိပ်ဆုံးနားက ပါနေတယ်နော်၊ ပြီးတော့ ဘရာဇီးလ်က ရွေးချယ်မှုလည်း ရရှိခဲ့သေးတယ်၊ အသက် (၂၁)နှစ်အရွယ်မှာပဲ ဒါတွေဖြစ်ခဲ့ပြီး ဒီရာသီကို ဘယ်လိုမျိုး စတင်ခဲ့တာပါလဲ"
"အဲဗာတန်ကို ပြောင်းရွှေ့ခဲ့ရတာက အိပ်မက်ဆန်လွန်းခဲ့ပါတယ်၊ ကျွန်တော် လူငယ်ဘဝကတည်းက အိပ်မက်တွေနဲ့ ရှင်သန်ခဲ့ရတာပါ၊ ပရီးမီးယားလိဂ်မှာ အမြဲတမ်း ကစားချင်ခဲ့တာပါ၊ လက်ရှိ ဂိုးသွင်းဘုရင်ဇယားကို ကြည့်မယ်ဆိုရင် ကျွန်တော့်နာမည်က ထိပ်ဆုံးနားမှာ ပါဝင်နေခဲ့ပါတယ်၊ ဒါက ကျွန်တော် အမြဲတမ်းဖြစ်ချင်ခဲ့တဲ့ အရာပါ၊ ကျွန်တော် ရိုးရိုးသားသား ဝန်ခံတာပါ" လို့ ရစ်ချာလီဆန်က ရယ်မောရင်း ပြောကြားခဲ့ပါတယ်။
Photo : Gazeta Esportiva
AS " ဘရာဇီးလ် ဒုတိယတန်းလိဂ်မှာ ကန်ခဲ့ရပြီး ပရီးမီးယားလိဂ်အသင်းတစ်သင်းကို ရောက်ခဲ့ဲတဲ့အပေါ် ဘယ်လိုခံစားရလဲ"
"ဘရာဇီးလ်မှာ ကစားခဲ့တုန်းက လူကြိးအသင်းကို မရောက်ခင် လူငယ်အသင်းမှာ ကျွန်တော် (၁၁)ပွဲ ကန်ခဲ့ရသေးတယ်၊ ကျွန်တော့်ရဲ့ ပထမဆုံးပွဲ (၂)ပွဲမှာ နှစ်ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝက ဖြစ်တည်လာခဲ့ပါတယ်၊ ဒါကို ဘယ်လို ရှင်းပြရမလဲဆိုရင်တော့ ကြိုးစားမှု၊ ယုံကြည်မှု နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ သန်မာအောင် လေ့ကျင့်ခဲ့ရမှုတွေရဲ့ အကျိုးဆက်လို့ ပြောရမှာပါ"
Photo : HELLO NEWS!
AS "ကလေးဘ၀ အမှတ်တရ ရှိစရာတွေက ဘာတွေဖြစ်မလဲ"
"ကလေးဘဝမှာ အမှတ်ရစရာတွေကတော့ မိသားစုရဲ့ အခြေအနေပါပဲ၊ ဦးလေးရဲ့ အိမ်မှာ ကျွန်တော်နေခဲ့ရတယ်၊ ဘာလို့လဲဆိုတော့ လေ့ကျင့်ရေးကွင်းနဲ့ နီးလို့ပါ၊ လေ့ကျင့်ကွင်းကို သွားဖို့ ကျွန်တော့်မှာ ဘတ်စ်ကားခမရှိဘူးလေ၊ ကျွန်တော်ကလေးဘဝတုန်းကဆို သကြားလုံး၊ ရေခဲမုန့်တွေ ရောင်းချပြီးတော့ ကျွန်တော့်မိဘတွေကို ကူညီပေးခဲ့ရပါတယ်၊ စိတ်ရှည်မှု၊ လူတွေအပေါ် ယုံကြည်ခြင်းတွေက ရည်မှန်းချက်တွေ ပြည့်ဝစေဖို့ အထောက်အကူဖြစ်စေတယ်ဆိုတာကို ကျွန်တော် သင်ယူခဲ့ပါတယ်"
AS "ခင်ဗျားကို ငြင်းဆန်ခဲ့တဲ့ အသင်းတွေ အများကြီး ဖြစ်လာတဲ့အချိန်မှာ ဘောလုံးလောကက ထွက်ခွာဖို့ စဉ်းစားခဲ့တယ်ဆိုတာ အမှန်ပဲလား"
"ကျွန်တော့်ကို အလိုရှိတဲ့ အသင်းက နည်းပါတယ်၊ ငြင်းပယ်ခဲ့တဲ့ အသင်းတွေက ဘယ်လောက်များလဲဆိုရင် ကျွန်တော့် လက်နှစ်ဖက်မှာရှိတဲ့ လက်ချောင်းတွေနဲ့ ရေတွက်ရင်တောင် မလုံလောက်ပါဘူး၊ ဘောလုံးလောကကို စွန့်ခွာဖို့အထိကို ဖြစ်ခဲ့ရတာပါ၊ ဒါပေမယ့့် ကျွန်တော့်ခေါင်းကို အမြဲမော့ထားပြီး ကြိုးစားခဲ့ပါတယ်"
Photo : Goal.com
AS "ခင်ဗျားဘဝရဲ့ သူရဲကောင်းက ဘယ်သူလဲ"
"ကျွန်တော့်အတွက် သူရဲကောင်းကတော့ ကျွန်တော့်အဖေနဲ့ ကျွန်တော့်ဦးလေးပါပဲ၊ သူတို့က ဒေသတွင်းမှာ ဘောလုံးကစားခဲ့ကြသူတွေပါ၊ တကယ်လည်း ထူးချွန်ကြပါတယ်၊ ကျွန်တော့်အဖေဆိုရင် ဘောလုံးပေးပို့တာ အရမ်းကောင်းတယ်၊ သူ့မှာ ပွဲကို ကောင်းကောင်းကြီး သိရှိနိုင်တဲ့ အမြင်ရှိပြီး ကျွန်တော့်ဦးလေးကတော့ အဆုံးသတ်ကောင်းမွန်သူပါ၊ သူတို့ဆီကနေလည်း ကျွန်တော် အများကြီး ပညာရခဲ့ပါတယ်၊ ဘောလုံးကွင်းအတွင်း၊ ဘဝအတွက် သူရဲကောင်းတွေက သူတို့ပါပဲ"
AS "ဘောလုံးသမားထဲကဆိုရင်ရော"
"ဘောလုံးသမားထဲကဆိုရင်တော့ ရော်နယ်ဒိုပေါ့၊ တစ်ရက်မှာ သူနဲ့တွေ့ဆုံခဲ့ရဖူးတယ်၊ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့ အချိန်နဲ့ မယုံကြည်လောက်အောင်ကို စိတ်လှုပ်ရှားခဲ့ရပါတယ်၊ ဘောလုံးကန်ဖို့သွားတိုင်း ကားပေါ်မှာ သူ့ရဲ့ ကစားပုံတွေကို ကျွန်တော့်ရဲ့ တက်ဘလက်နဲ့ ကြည့်ရှုခဲ့ပြီး ပွဲအတွက် အမြဲပြင်ဆင်လေ့ရှိပါတယ်"
Photo : ESPN
AS "ဒီရာသီမှာ ဘယ်လောက်ထိ မျှော်လင့်ထားလဲ"
"ကျွန်တော့်အတွက် အကောင်းဆုံးဘောလုံးရာသီ ဖြစ်ဖို့ မျှော်လင့်ပါတယ်၊ အဲဗာတန်အသင်းကို အများကြီး ကူညီပေးချင်တယ်၊ ဘရာဇီးလ်မှာ ကျွန်တော့်အတွက် ကိုယ်ပိုင်တစ်နေရာစာလေး လိုချင်တယ်၊ ဒါတွေက ကျွန်တော့်ရဲ့ ပန်းတိုင်တွေပေါ့၊ ဒီအတွက် အလုပ်အများကြီး ကြိုးစားရမှာဖြစ်ပြီး လက်ရှိခြေစွမ်းကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းဖို့ အာရုံစိုက်ရမှာပါ၊ ဒါတွေတကယ်ဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်"
Share