ကျောင်းသား၊ သဘောၤသား နဲ့ အင်တာနက်ပေါ်မှာ ထင်ပေါ်ကျော်ကြားသူတွေကို ရွေးချယ်ခဲ့တဲ့ ဒိန်းမတ်အသင်းဟာ စလိုဗက်ကီးယားနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာတော့ ၃-၀ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ မနေ့က ယှဉ်ပြိုင်ကစားခဲ့ကြတာ ဖြစ်ပြီး ဒိန်းမတ်အသင်းဟာ ကိုယ့်ဂိုးကိုယ်သွင်းယူမှု တစ်ကြိမ်အပါအဝင် (၃)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဒိန်းမတ်လက်ရွေးစင်အသင်းဟာ ပြသနာဖြစ်ပွားနေတာဖြစ်ပြီး အသင်းရဲ့ နာမည်ကျော်ကစားတွေဖြစ်တဲ့ အဲရစ်ဆန်၊ ရှမိုက်ကယ် အပါအဝင် ဒိန်းမတ်လက်ရွေးစင် ကစားသမားတွေဟာ ဆုကြေးငွေကိစ္စနဲ့ပတ်သက်ပြီး ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်နဲ့ အငြင်းအခုံဖြစ်နေခဲ့ပြီး အသင်းအတွက် ပါဝင်ကစားပေးခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒိန်းမတ်ဘောလုံးကစားသမားများ အဖွဲ့အစည်းက နိုင်ငံအသင်းရဲ့ ပွဲစဉ်တွေကို ကစားပေးဖို့ အဖွဲ့ချုပ်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် အဖွဲ့ချုပ်က ငြင်းဆန်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒိန်းမတ်အသင်းဟာ ဖူဆယ်ကစားသမား အများစုကို ရွေးချယ်ပြီး လက်ရွေးစင်အသင်းကို ဖွဲ့စည်းကာ နိုင်ငံတကာပွဲများ ကစားစေခဲ့တာ ဖြစ်ပါတယ်။
ဒိန်းမတ်အသင်းရဲ့ ကစားသမား (၂၄)ဦးစာရင်းမှာ ဒိန်းမတ်စူပါလိဂ်က ကစားသမားတစ်ဦးမှ ပါဝင်လာခြင်းမရှိသလို ဥရောပအခြေစိုက် ကစားသမားတွေလည်း ပါဝင်ခဲ့ခြင်း မရှိတာကို တွေ့ခဲ့ရပါတယ်။ ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ကလည်း အသင်းကို သဘောၤသား၊ ကျောင်းသားနဲ့ အွန်လိုင်းမှာ ထင်ပေါ်ကျော်ကြားသူတချို့၊ ဖူဆယ်ကစားသမားများနဲ့ ဖွဲ့စည်းသွားမယ်လို့ အတည်ပြုကြေငြာခဲ့ပါတယ်။
ဒိန်းမတ်အသင်းဟာ ခြေစမ်းပွဲအဖြစ် စလိုဗက်ကီးယားနဲ့ ကစားအပြီးမှာ Nations League ပြိုင်ပွဲအဖြစ် ဝေးလ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒိန်းမတ်အသင်းရဲ့ နည်းပြ အေ့ဒ်ဟာရိတ်ဒ် နဲ့ လက်ထောက်နည်းပြ တိုမက်ဆင်တို့ဟာလည်း အသင်းကို ကြီးကြပ်မှာ မဟုတ်ဘဲ ယူရို၉၂ ပြိုင်ပွဲမှာ ဒိန်းမတ်အတွက် ဆုဖလားယူပေးခဲ့တဲ့ ဂျွန်ဂျန်ဆန်က ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။
ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ဟာ စပွန်ဆာကိစ္စရပ်များအဖြစ် ကုမ္ပဏီများနဲ့ စာချုပ်ချုပ်ဆိုထားပြီး ရရှိတဲ့ ငွေကြေးထဲမှ ဒိန်းမတ်ကစားသမားများ အစည်းအရုံးကို ဆေးဝါးကုသခွင့်၊ ပညာရေး အစရှိတဲ့ ကုန်ကျမှုများအတွက် ငွေကြေးပြန်လည်ပေးချေရမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဒီကိစ္စကို သဘောတူညီခဲ့တာဖြစ်ပြီး အခုဆိုရင် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒိန်းမတ်ကစားသမားတွေကတော့ အဖွဲ့ချုပ်ထံမှ ပေါင်လေးသိန်းအထိ ရရှိဖို့ ကျန်ရှိသေးတယ်လို့ သိရပါတယ်။
ဒီလိုပြသနာတွေဖြစ်ပေါ်ခဲ့မှုဟာ ကမ္ဘာ့ဖလားမတိုင်ခင်ကတည်းက ဖြစ်ပွားနေခဲ့တာဖြစ်ပြီး အဓိကဦးဆောင်သူ ကစားသမားအဖြစ် ဆီဗီလာ နောက်ခံလူ ခါဂျာက ဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။ ကစားသမားတွေအနေနဲ့ နိုင်ငံအသင်းအတွက် အားကုန်ထုတ် ကြိုးပမ်းမှုတွေ ရှိနေခဲ့ပေမယ့်လည်း ကစားသမားများအတွက် ထိုက်သင့်တဲ့ အကျိုးခံစားခွင့်ကို မရရှိခဲ့တဲ့အပေါ်မှာ ဒိန်းမတ်အသင်းသားတွေက ဒေါသ ထွက်နေခဲ့ပြီးနောက် အခုလိုမျိုး ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။