ဝေးလ်စ်နဲ့ဘိုင်ယန်မြူးနစ်အတွက် ကစားပေးခဲ့ရတာပါ။

ဘောလုံးသမားတွေဟာ ပွဲစဉ်တစ်ပွဲကို အာရုံစူးစိုက်မှုအပြည့်နဲ့ ပါဝင်ယှဉ်ပြိုင်ကစားပေးနိုင်ဖို့အတွက် အနည်းဆုံး ၅ ရက်ခန့် အနားယူရပြီး အမှန်တကယ်တော့ လေ့ကျင့်တဲ့အချိန်တွေကိုပါ ထည့်တွက်မယ်ဆိုရင် ၄ ရက်ခန့်သာ အပြည့်အဝအနားယူရတာဖြစ်ပါတယ်။ ဒါပေမယ့် နာရီပိုင်းတောင် အပြည့်အဝအနားမယူရဘဲ နိုင်ငံအသင်းနဲ့ ကလပ်အသင်းအတွက် ကစားပေးခဲ့ရတဲ့ တိုက်စစ်မှူးတစ်ဦးရှိခဲ့တယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား...

 

အဲဒီအဖြစ်အပျက်က ပုံပြင်ယုံတမ်းစကားတွေမဟုတ်ဘဲ မဝေးလှတဲ့အချိန်ကာလတစ်ခုမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ အဲဒီကစားသမားကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်တိုက်စစ်မှူး မာ့ခ်ဟုချ်ဖြစ်ပြီး အချိန်အားဖြင့်တော့ ၁၉၈၇ ခုနှစ်မှာပါ။ ယင်းအချိန်က ဘာစီလိုနာအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး မာ့ခ်ဟုချ်ဟာ ယူရို ၁၉၈၈ ခြေစစ်ပွဲဝင်နေတဲ့ ဝေးလ်စ်လက်ရွေးစင်အသင်းအတွက် ချက်ကိုစလိုဗက်ကီးရား(ယခု ချက်သမ္မတနိုင်ငံ)က ပရက်ဂ်မြို့မှာ သွားရောက်ကစားရမယ့်ပွဲစဉ်ရှိနေပြီး ယင်းနေ့မှာပဲ ဘိုင်ယန်မြူးနစ်အသင်းအတွက်လည်း DFB-Pokal ပွဲစဉ်အဖြစ် မိုချန်ဂလာဘက်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ယှဉ်ပြိုင်ကစားပေးဖို့ ရှိနေပါတယ်။

မာ့ခ်ဟုချ်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့အထွေထွေမန်နေဂျာ(ယခု ဥက္ကဌ)အူလီဟိုးနက်စ်နဲ့ ညစာအတူစားရင်း အရေးတကြီး တိုင်ပင်စရာကိစ္စအတွက် စဉ်းစားနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မာ့ခ်ဟုချ်ရဲ့စိတ်ထဲက မေးခွန်းကို ကြိုသိနေတဲ့ ဟိုးနက်စ်က "ဝေးလ်စ်အသင်းအတွက် မင်း ဘယ်အချိန်ကစားပေးရမှာလဲ"လို့ မေးလာခဲ့ပါတယ်။

ဟိုးနက်စ်ကိုယ်တိုင် မေးခွန်းစလာပြီဖြစ်တဲ့အတွက် မာ့ခ်ဟုချ်လည်း ခပ်သွက်သွက်နဲ့ပဲ "ဟုတ်ကဲ့။ နေ့လည်ပိုင်းလောက်ပါ"လို့ ပြန်ဖြေလိုက်ပါတယ်။ အူလီဟိုးနက်စ်က မာ့ခ်ဟုချ်ရဲ့အဖြေအဆုံးမှာ ဝိုင်ခွက်ကို အသာချရင်း အေးအေးလူလူအမူအရာနဲ့ "အင်း။ အဲဒါဆို အဆင်ပြေသားပဲ။ မင်း ညနေကျရင်လည်း ကစားနိုင်မှာပေါ့"လို့ ပြန်ပြောလိုက်ပါတယ်။

နောက်တစ်နေ့မနက်မှာတော့ အူလီဟိုးနက်စ်နဲ့ မာ့ခ်ဟုချ်တို့ဟာ ပရက်ဂ်မြို့ကို လေယာဉ်နဲ့အတူ ထွက်ခွာခဲ့ပြီး ဝေးလ်အသင်းရဲ့ ယူရိုခြေစစ်ပွဲစဉ်ကို ဘိုင်ယန်မြူးနစ်အသင်းမန်နေဂျာ အူလီဟိုးနက်စ်ကိုယ်တိုင် ပွဲကြည့်စင်မှာ ကြည့်ရှုခဲ့ပါတယ်။ မာ့ခ်ဟုချ်ဟာ ချက်ကိုစလိုဗက်ကီးရားနဲ့ပွဲစဉ်မှာ ဝေးလ်စ်အသင်းအတွက် အချိန်ပြည့်ပါဝင်ကစားပေးခဲ့ပြီး ဝေးလ်စ်အသင်းဟာ ချက်ကိုစလိုဗက်ကီးရားအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ယင်းပွဲအပြီးမှာတော့ အူလီဟိုးနက်စ်နဲ့ မာ့ခ်ဟုချ်တို့ဟာ လေယာဉ်နဲ့ဆိုရင် ကီလိုမီတာ ၅၇၅ အကွာအဝေးမှာတည်ရှိတဲ့ ဂျာမနီနိုင်ငံ မြူးနစ်မြို့ကို လေယာဉ်ပြန်စီးလာခဲ့ကြပါတယ်။

ဒါပေမယ့် မာ့ခ်ဟုချ်တို့နှစ်ဦးစလုံးဟာ ပထမပိုင်းကို လုံးဝလွဲချော်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့နည်းပြ ဂျက်ပ်ဟေးနက်စ်ကလည်း အချိန်မီ ပြန်မရောက်လာနိုင်တော့ဘူးလို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းအပြီး အဝတ်လဲခန်းထဲကို မာ့ခ်ဟုချ် ရောက်ရှိလာတဲ့အချိန်မှာတော့ နည်းပြ ဂျက်ပ်ဟေးနက်စ်အနေနဲ့ မယုံနိုင်အောင် ဖြစ်ခဲ့ပြီး မာ့ခ်ဟုချ်ကို အနားပေးဖို့ စဉ်းစားခဲ့ပေမယ့် မာ့ခ်ဟုချ်က အသင်းမန်နေဂျာ ဟိုးနက်စ်ကို ပေးထားတဲ့ကတိကြောင့် ဒုတိယပိုင်း ၆၃ မိနစ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် လပ်ဒ်ဝစ်ကိုးရဲ့နေရာမှာ လူစားဝင်ကစားပေးခဲ့ပါတယ်။ ယင်းပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ မိုချန်ဂလာဘက်အသင်းတို့ဟာ အချိန်ပိုအထိ ကစားခဲ့ရပြီး ၁၁၁ မိနစ်မှာ မိုက်ကယ်ရွန်းမန်းနစ်က ဘိုင်ယန်မြူးနစ်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ၃ ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပရိသတ်တွေဟာ ၃ ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိသွားခဲ့တာကြောင့် ပွဲပန်းနေပြီး ဘာမှမလုပ်နိုင်ခဲ့တဲ့ မာ့ခ်ဟုချ်အပေါ်မှာ ခွင့်လွှတ်ပေးနိုင်ခဲ့ကြပါတယ်။

Share

Loading Next Article...
က္က