လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းကို အိမ်ကွင်း အန်းဖီးလ်မှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး ယင်းပွဲစဉ်က အုပ်စု C မှာ ဘယ်သူအုပ်စုဗိုလ်ဖြစ်မလဲဆိုတာကို အဆုံးအဖြတ်ပေးနိုင်တဲ့ပွဲစဉ်လို့ ဆိုရမှာဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့နည်းပြ ယာဂင်ကလော့ပ်က ယင်းပွဲစဉ်အတွက် နေမာဆီကို ဘောလုံးပေးပို့မှု ဖြတ်တောက်နိုင်ဖို့အရေးကြီးကြောင်း ပြောကြားထားပြီးဖြစ်ပါတယ်။
Photos: Goal
ပီအက်စ်ဂျီအသင်းရဲ့နည်းပြ သောမတ်တူချယ်ဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမားဖြစ်တဲ့ နေမာကို ယခုရာသီမှာ အထောင်တိုက်စစ်နဲ့ ဘယ်တောင်ပံမှာ ကစားစေခဲ့ပြီး လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ ဘယ်နေရာက ကစားခိုင်းမလဲဆိုတာကို ထုတ်ဖော်ပြောကြားဖို့ ငြင်းပယ်ခဲ့ပါတယ်။ သောမတ်တူချယ်က လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ နေမာ ပွဲထွက်ပါဝင်ကစားမယ်ဆိုတာလောက်သာ ပြောကြားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော် ပြောမှာမဟုတ်ပါဘူး။ ဟုတ်တာပေါ့"
"သေချာတာကဘာလဲဆိုတော့ သူ ကစားပါလိမ့်မယ်။ ဒါပေမယ့် ဘယ်နေရာကလဲလို့ မေးရင် ကျွန်တော် မပြောပါဘူး"
"ဒီမာရီယာကို နေမာကစားတဲ့နေရာမှာ ထားပြီး ယုံကြည်ဖို့အတွက် ဘယ်တုန်းကမှ အန္တရာယ်မရှိခဲ့ပါဘူး။ ကျွန်တော် ခင်ဗျားကို မပြောပြနိုင်ပါဘူး။ ပြောလိုက်ရင် လီဗာပူးအသင်းအတွက် ကြိုတင်ပြင်ဆင်ဖို့အတွက် အရမ်းလွယ်ကူသွားပါလိမ့်မယ်"
Photos: Metro
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒုတိယရရှိခဲ့တဲ့အသင်းဖြစ်ပြီး ယခုနှစ်မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ဒါပေမယ့် သောမတ်စ်တူချယ်က ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်း ခြေစွာနေတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုမရှိကြောင်း ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ဒီအကြောင်းကို တစ်နာရီပြီး တစ်နာရီ ပြောလို့ရပါတယ်။ ဒါပေမယ့် အဲဒါက ခင်ဗျားကို ချန်ပီယံလိဂ်ဖလားဆီ တစ်စင်တီမီတာလောက်တောင် မနီးကပ်သွားစေပါဘူး"
"နောက်နှစ်မှာ ဘာဖြစ်မလဲဆိုတာကို ပြောရတာက တော်တော်အဓိပ္ပာယ်မရှိတဲ့ကိစ္စပါ။ ကျွန်တော်တို့ကတော့ ဒီမှာ ကစားပြီး စိန်ခေါ်ချင်တယ်။ ကျွန်တော်တို့ရဲ့အုပ်စုအတွက် စိန်ခေါ်မှုတွေ ပြုလုပ်ချင်တယ်"
"ယာဂင်ရဲ့အသင်းနဲ့ဆိုရင်တော့ ခင်ဗျားအနေနဲ့ ဘယ်တော့မှ သက်တောင့်သက်သာရှိမှာမဟုတ်ပါဘူး။ ဒါမှမဟုတ် အန်းဖီးလ်မှာဆိုရင်ပေါ့။ ဒါပေမယ့် ဒီလိုမျိုး ပြိုင်ဘက်၊ ပတ်ဝန်းကျင်က ကျွန်တော်တို့ကို အကောင်းဆုံးတွေ ယူဆောင်ပေးမှာပါ။ မနက်ဖြန်မှာ ကျွန်တော်တို့အသင်းဟာ အန္တရာယ်အရှိဆုံးပြိုင်ဘက်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။