PSV နဲ့ပွဲစဉ်မှာ ဘာစီလိုနာအတွက် အဖွင့်ဂိုးကို ဖရီးကစ်ကတဆင့် သွင်းယူပြီးချိန်မှာတော့ မက်ဆီဟာ ချန်ပီယံလိဂ် မှတ်တမ်းတစ်ခုကို ရရှိသွားခဲ့ပါတယ်။ အဲဒါကတော့ မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၄)ရာသီဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ အဖွင့်ဂိုးကို ဖရီးကစ်ကတဆင့် လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
မက်ဆီရဲ့ ဖရီးကစ်ကန်သွင်းမှုဟာ (၂၅)ကိုက်အကွာကနေ ကန်သွင်းခဲ့တာဖြစ်ပြီး အပေါ်ထောင့်ထဲကို တန်းတန်းမတ်မတ် ဝင်ရောက်သွားခဲ့တာ ဖြစ်ပြီး အဆင့်အတန်းမြင့်လွန်းတဲ့ ကန်သွင်းချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ မက်ဆီအနေနဲ့ ချန်ပီယံလိဂ်သမိုင်းမှာ ဖော်ပြပါ စံချိန်ကို ရရှိခဲ့သလို ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံး စာရင်းမှာလည်း စုစုပေါင်းသွင်းဂိုး (၁၀၃)ဂိုးအထိ ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် မက်ဆီဟာ PSV အသင်းကို ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲတွေမှာ စုစုပေါင်း ဟက်ထရစ် (၈)ကြိမ် ရရှိခဲ့ပြီး ဒါဟာ ဘယ်ကစားသမားထက်မဆို ပိုမိုများပြားတဲ့ အရေအတွက်လည်း ဖြစ်လာခဲ့ပြီး ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီဟက်ထရစ်ဟာ မက်ဆီရဲ့ ကစားသမားဘဝမှာ စုစုပေါင်း (၄၈)ကြိမ်မြောက် ရရှိခဲ့တဲ့ ဟက်ထရစ်လည်း ဖြစ်လာခဲ့ပါတယ်။
မက်ဆီအနေနဲ့ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေခဲ့တဲ့ ရော်နယ်ဒိုကို လိုက်မီဖို့ (၁၇)ဂိုးသာ လိုအပ်တော့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုက စုစုပေါင်း ဂိုး (၁၂၀)အထိ သွင်းယူပြီး ထိပ်ဆုံးမှာ ပြတ်ပြတ်သားသား ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့မယ်ဆိုရင် ဂိုးကွာဟချက်တွေကို လျှော့ချနိုင်မှာလည်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်အတွင်းမှာ မက်ဆီဟာ ဖရီးကစ်တဆင့် တိုက်ရိုက်ဂိုးသွင်းယူခဲ့မှု (၈)ဂိုးအထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ အလွတ်တည်ကန်ဘော ကန်သွင်းရာမှာ ကျွမ်းကျင်တဲ့ မက်ဆီရဲ့ အရည်အချင်းကို ပေါ်လွင်စေခဲ့တာ ဖြစ်ပြီး မက်ဆီအတွက်တော့ ဂုဏ်ယူစရာ မှတ်တမ်းတွေ ဖြစ်လာခဲ့ပါတယ်။
အခြားစံချိန်တစ်ခုအဖြစ် ဘာစီလိုနာကစားသမား ဒမ်ဘီလီက စပိန်စူပါဖလား၊ လာလီဂါ နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးလာလီဂါ ကစားသမား ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။