မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ကြားရက်ပွဲစဉ်မှာတော့ ထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်တို့ ကိုယ်စီရှုံးနိမ့်သွားကြပါတယ်။ နှစ်သင်းစလုံးဟာ အဝေးကွင်းပွဲစဉ်တွေကို သွားရောက်ကစားခဲ့ရတာ ဖြစ်ပြီး တိုက်ဆိုင်မှုရှိစွာပဲ နှစ်သင်းလုံး ရှုံးပွဲကြုံ ခဲ့တာ ဖြစ်ပါတယ်။
Photo : Marca
လီဂါနက်စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘာစီလိုနာကတော့ ဦးဆောင်ဂိုး ရရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ (၂)မိနစ်အတွင်း (၂)ဂိုးပေးလိုက်ရပြီးနောက် ချေပဂိုးပြန်လည်မရရှိခဲ့ဘဲ အရေးနိမ့်ခဲ့တာပါ။ ဘာစီလိုနာမှာ ဆွာရက်ဇ်နေရာမှာ အယ်လ်ဟက်ဒတ်ဒီ ပါဝင်ကစားတာကလွဲလို့ လူစုံပါဝင်ခဲ့တာ ဖြစ်ပါတယ်။
Photo : Marca
ပထမပိုင်း (၁၂)မိနစ်မှာ ကော်တင်ဟိုရဲ့ သွင်းဂိုးနဲ့ ဘာစီလိုနာတို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတယပိုင်း (၅၂)မိနစ် နဲ့ (၅၃)မိနစ်မှာတော့ လီဂါနက်စ်က အယ်လ်ဇာ နဲ့ အော်စကာတို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပြီး ဘာစီလိုနာ အရှုံးရလာဒ် ရင်မှာပိုက်ခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှု(၇၇)%အထိ ရရှိခဲ့ပေမယ့် လိုအပ်ခဲ့တဲ့ ချေပဂိုးကိုတော့ ဘာစီလိုနာ မရှာတွေ့ခဲ့ပါဘူး။
ရီးရဲလ်လည်း ဂိုးပြတ်ရှုံးခဲ့
Photo : Marca
ရီးရဲလ်ကအတွက် ရှုံးချက်က တော်တော်လေးပြင်းတယ်လို့ ပြောရမယ်။ ဆီဗီလာရဲ့ တိုက်စစ်ကစားပုံကို ဘယ်လိုမှ မရင်ဆိုင်နိုင်ခဲ့ပဲ အရေးနိမ့်ခဲ့ရတာပါ။ ဒါ့အပြင် တောက်လျှောက်ခြေစွမ်းပြနေတဲ့ ဘန်ဇီမာ၊ အဆန်စီယို၊ ဘေးလ်တို့ရဲ့ တိုက်စစ်က တစ်ပွဲလုံးမှာမှ ဂိုးပေါက်တည့်မှု (၃)ကြိမ်သာ ရှိခဲ့ပြီး တစ်ဂိုးမှ မရခဲ့တာက တိုက်စစ်ပိုင်း ကစားပုံ အားနည်းတာကို သိသာစေခဲ့ပါတယ်။
အန်ဒရီဆေးဗားလ်က (၁၇)၊ (၂၁)မိနစ်တို့မှာ (၂)ဂိုးဆက်တိုက် သွင်းယူပြီး ရီးရဲလ်ကို ဖိအားဝင်စေခဲ့ပါတယ်။ ချေပဂိုးတွေပြန်ရဖို့ ရီးရဲလ် အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ဆီဗီလာရဲ့ မာကျောတဲ့ ကစားဟန်က ရီးရဲလ်ကို အခက်တွေ့စေခဲ့ပါတယ်။ တိုနီခရူးစ်၊ မိုဒရစ်တို့လည်း ကွင်းလယ်မှာ ရုန်းကန်ခဲ့ရပြီး အသင်းဖော်တွေကို ဖန်တီးပေးနိုင်မှု အားနည်းခဲ့ပါတယ်။
Photo : Marca
ဆီဗီလာအတွက် နောက်ထပ်တစ်ဂိုးကို (၃၉)မိနစ်မှာ ဘင်ယက်ဒါက သွင်းယူပေးခဲ့တာပါ။ ပထမပိုင်းမှာကတည်းက ဆီဗီလာက (၃)ဂိုးပြတ် အနိုင်ရထားခဲ့မှုကို ဒုတိယပိုင်းမှာလည်း ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ရီးရဲလ်ဘက်က မာရီယာနိုဒီယက်ဇ် လူစားလဲ ပါဝင်လာပေမယ့် ဂိုး မရခဲ့ ပါဘူး။ ဒါဟာ ရီးရဲလ်အတွက်တော့ အရှက်ရဖွယ် ဂိုးပြတ်ရှုံးနိမ့်မှုလည်း ဖြစ်လာပါတယ်။