မလေးရှားမြေမှာ ကစားရမယ့် မြန်မာအသင်းရဲ့ ပွဲစဉ် ရှိလာတိုင်းမှာ အမြဲတမ်းလိုလို တွေ့မြင်နေရတာက မလေးရှားကို ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ သတိပေးထုတ်ပြန်ချက်တွေပါ။ လူအုပ်စုနဲ့ သွားရောက်ကြည့်ရှုဖို့၊ အရက်သေစာ မသောက်စားသွားဖို့နဲ့ စိတ်လွတ်ကိုယ်လွတ် အားပေးခြင်းမပြုလုပ်ဖို့ကို သတိပေးနေရတာပါ။
ကိုယ့်နိုင်ငံအသင်းရဲ့ ဂျာစီကို ဂုဏ်ယူစွာ ဝတ်ဆင်ချင်တယ်၊ နိုင်ငံတော်အလံကို ချစ်မြတ်နိုးစွာနဲ့ ဝှေ့ယမ်းပြီး အားပေးချင်တယ်၊ ကွင်းထဲမှာ ပရိသတ်တစ်ယောက်ပီသစွာ အသင်းကို လွတ်လွတ်လပ်လပ် အားပေးချင်တယ်ဆိုတာ ပရိသတ်တွေရဲ့ အာသီသဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခွင့်အရေးကို ခင်ဗျား ဘူကစ်ဂျာလီကွင်းကြီးထဲမှာတော့ ရရှိမှာမဟုတ်ပါဘူး။
ပရိသတ်ပေါင်း (၈၇၀၀၀)ကျော် ဝင်ဆံ့တဲ့ ဘူကစ်ဂျာလီဘောလုံးကွင်းကြီးထဲမှာ အဝါရောင် နဲ့ အနက်ရောင်တွေ လွှမ်းခြုံထားတဲ့ မလေးရှားကျားတွေရဲ့ ဆူညံစွာအော်ဟစ်နေမှု၊ တက်ကြွစွာအားပေးနေမှုနဲ့ နိုင်ငံအသင်း အနိုင်ရဖို့ ပွဲကြည့်စင်ပေါ်ကနေ အားတက်သရော လှုံ့ဆော်နေမှုတွေကို ဧည့်သည်အသင်းရဲ့ ပရိသတ်တွေအနေနဲ့ ထိုင်ကြည့်ငေးမောနေရုံကလွဲလို့ ဘာမှ တတ်နိုင်မှာမဟုတ်ပါဘူး။
မလေးရှားနိုင်ငံက ဘောလုံးကွင်းတွေဟာ ဧည့်သည်ပရိသတ်တွေအတွက်တော့ သားရဲတွင်းလို ဖြစ်နေတာကြာပါပြီ။ မလေးရှားအစွန်းရောက် ပရိသတ်တွေရဲ့ ကြမ်းတမ်းစွာအားပေးမှု နဲ့ ရိုင်းစိုင်းစွာ ဆက်ဆံမှုတွေကို ဗီယက်နမ်ပရိသတ်တွေ နဲ့ မြန်မာအသင်း ပရိသတ်တွေ လက်တွေ့ခံစားဖူးခဲ့ ပြီးပါပြီ။ ၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မလေးရှား နဲ့ ဗီယက်နမ်တို့ ရင်ဆိုင်ခဲ့ကြရပါတယ်။
ကွာလာလမ်ပူက ရှားအလမ်းကွင်းကြီးမှာ ကျင်းပခဲ့တာ ဖြစ်ပြီး မလေးရှားပရိသတ်တွေ အုပ်စုဖွဲ့ပြီး ဗီယက်နမ်ပရိသတ်တွေကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်အသင်းက မလေးမြေပေါ်မှာ အနိုင်ရခဲ့ပြီး မလေးရှားကျားတွေ ဆူပူသောင်းကျန်းခဲ့တာဖြစ်ပြီး ပြိုင်ဘက်ပရိသတ်တွေကို ရန်ရှာခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ဆီးဂိမ်းတုန်းကလည်း မြန်မာအသင်း နဲ့ မလေးရှားအသင်းတို့ ရှားအလမ်းကွင်းထဲမှာပဲ ကစားခ့ကြပါတယ်။ မြန်မာအသင်းက ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ပွဲအပြီးမှာတော့ ကွင်းအပြင်ကို ပြန်လည်ထွက်ခွာလာခဲ့တဲ့ မြန်မာပရိသတ် (၁၀)ဦးခန့်ကို မလေးရှားပရိသတ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မြန်မာပရိသတ်တစ်ဦးဖြစ်တဲ့ (ကို)မင်းစိုး ဒဏ်ရာကြီးကြီးမားမားတွေ ရရှိခဲ့ပြီး မေးရိုးကျိုးခဲ့သလို သွားတွေလည်း ကျိုးတဲ့အထိကို ထိုးကြိတ်ခံခဲ့ရပါတယ်။ မြန်မာအသင်း အရေးနိမ့်ခဲ့တာတောင်မှ မလေးရှားပရိသတ်တွေက ရမ်းကားခဲ့တာဖြစ်ပြီး အကြောင်းမဲ့သက်သက် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီလိုအဖြစ်အပျက်တွေ ရှိနေခဲ့လို့လည်း မလေးမြေမှာ မြန်မာအသင်း ကစားရမယ့်ပွဲတိုင်းမှာ သွားရောက်အားပေးမယ့် ပရိသတ်တွေကို သတိပေးစကားတွေ ပြောဆိုနေခဲ့ရတာ ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုက ဒီပွဲက နှစ်သင်းစလုံးအတွက် အဆုံးအဖြတ်ပွဲဖြစ်နေတာပါ။ မြန်မာအသင်းက အနိမ့်ဆုံး သရေကစားနိုင်ခဲ့တယ်ဆိုတာနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့် ရသွားမှာပါ။
မလေးရှားကတော့ မဖြစ်မနေကို အနိုင်ရမှ ဖြစ်မှာမို့ ဒီပွဲက မလေးရှားအတွက် ပိုပြီးအရေးကြီးနေပါတယ်။ ဒီအချက်ကပဲ မြန်မာပရိသတ်တွေအတွက် ပိုပြီးစိုးရိမ်စရာ ဖြစ်နေတာပါ။ မလေးရှားအသင်းသာ အုပ်စုက ပြုတ်သွားခဲ့မယ်ဆိုရင်ဆိုတဲ့အတွေးနဲ့တင်ပဲ ကွင်းထဲကို သွားအားပေးဖို့ မြန်မာပရိသတ်တွေ မဝံ့မရဲဖြစ်နေမှာပါ။
ပရိသတ်တွေဆိုတာက အသင်းတစ်သင်းအတွက်တော့ အားပါပဲ။ ၁၂ယောက်မြောက် ကစားသမားတွေဖြစ်ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ကစားသမားတွေကို တက်ကြွလာအောင်၊ ပိုမိုအားထုတ်လာနိုင်အောင် လှုံ့ဆော်ပေးနိုင်ကြပါတယ်။ ပရိသတ်မပါပဲ ကစားရတဲ့ ပွဲဆိုတာက အဓိပ္ပါယ်ကင်းမဲ့လွန်းပါတယ်။
နဂိုကတည်းက မြန်မာဆိုရင် နှိမ်ချင်တဲ့ မလေးရှား၊ မတူမတန်သလို ဆက်ဆံချင်တဲ့ ဆိုးရွားတဲ့ စိတ်ဓာတ်တွေနဲ့ မလေးရှားတို့ဟာ လာမယ့်ပွဲမှာလည်း မြန်မာအသင်းပရိသတ်တွေကို နည်းမျိုးစုံနဲ့ ပြသနာရှာနိုင်ပါတယ်။ သူတို့အသင်းသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပိုပြီးတော့ ဆိုးဝါးတဲ့ အနေအထားနဲ့တောင် ရန်ပြုလာနိုင်ပါတယ်။
ဒီအနေအထားကို မလေးရှားဘောလုံးအဖွဲ့ချုပ်ကလည်း မထိန်းချုပ်နိုင်ပါဘူး။ ပြီးတော့မှသာ ပရိသတ်ကိုယ်စား တောင်းပန်ပါတယ်ဆိုတဲ့ စကားနဲ့ပဲ ဖြေသိမ့်နေခဲ့ပါတယ်။ မိနစ် (၉၀)စာ ဘောလုံးပွဲတစ်ပွဲကို ထိန်းချုပ်နိုင်သင့်ပါရဲ့နဲ့ မထိန်းချုပ်နိုင်ဘူးဆိုတာကတော့ ယုတ္တိကင်းမဲ့လွန်းပါတယ်။ ဘယ်နိုင်ငံမှာမှ ဒီလိုအဖြစ်မျိုး မရှိခဲ့ဖူးပါဘူး။
ဆိုးသွမ်းပရိသတ်တွေလို့ နာမည်ပေးခံခဲရတဲ့ မြန်မာမြေပေါ်မှာတောင် ဒီလို အရှက်ရစရာလုပ်ရပ်ကို မကျူးလွန်ကြပါဘူး။ ဘာလို့ပဲ မလေးရှားမှာမှ ဖြစ်နေရတာလဲ စဉ်းစားစရာပါပဲ။
မလေးရှားကွင်းမှာ လာကစားတိုင်း ပရိသတ်တွေ စိုးရိမ်ကြောင့်ကြနေရမှာလား၊ ဘယ်တော့များ တိုက်ခိုက်ခံရမလဲ ဆိုတဲ့ အတွေးနဲ့ ဘောလုံးပွဲ ကြည့်နေရမှာလားလို့ မေးခွန်းထုတ်ချင်စရာပါပဲ။ အေးအေးဆေးဆေးနဲ့ ကိုယ့်အသင်းကို လာအားပေးနေတဲ့ ပရိသတ်တွေအတွက် သတိပေးစာကို အမြဲတမ်း ထုတ်ပြန်နေရတဲ့အဖြစ်ကနေ ဘယ်တော့များမှ လွတ်မြောက်တော့မှာလဲလို့ပဲ မေးချင်မိတော့တယ်။
Share