မြန်မာ့လက်ဝှေ့ကို ပထမဆုံး ထိုးတာ ဖြစ်ပေမယ့်လည်း စိုးလင်းဦးကို အလဲထိုးနဲ့သာ အနိုုင်ယူမယ်လို့ တရုတ်လက်ဝှေ့သမား ကျောက်ဝမ်ဝမ်း က ဒီကနေ့ ပြုလုပ်တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ် WLC -6 ပြိုင်ပွဲကြီးကိုတော့ လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစား ခန်းမအတွင်း ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။
လက်ဝှေ့ ဝါသနာရှင်တွေအတွက် သတင်းကောင်း
ဒီပြိုင်ပွဲမှာဆိုရင်တော့ အဓိက ခေါင်ပွဲအဖြစ် တရုတ်က ကျော်ဝမ်ဝမ်းနဲ့ မြန်မာက စိုးလင်းဦးတို့ ဝယ်လ်တာဝိတ်တန်း(၆၃.၅-၆၇ကီလို) ၅ ချီစိန်ခေါ်ပွဲ အပါအဝင် ကျော်ဇင်လတ်ရဲ့ လိုက်ဝယ်လ်တာ ဝိတ်တန်း ရွှေခါးပတ် ကာကွယ်ပွဲလည်း ပါဝင်မှာ ဖြစ်ပါတယ်။
စုစုပေါင်း ပြည်တွင်းပြည်ပ တွဲဆိုင်းပေါင်း ၈ တွဲ ပါဝင်မှာ ဖြစ်ပြီး ပွဲကြို သတင်းစာရှင်းလင်းပွဲကိုတော့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ကရဝိတ် နန်းတော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
" မြန်မာ့လက်ဝှေ့ကို ပထမဆုံး ထိုးတာ ဖြစ်ပေမယ့် အကောင်းဆုံး လေ့လာထားပါတယ်။ပြိုင်ဖက်ရဲ့ ပွဲတွေကိုလည်း အတော်များများ လေ့လာ ထားသလို၊မြန်မာ့လက်ဝှေ့မတိုင်ခင်ကလည်း ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ၊ကစ်ဘောင်ဆင်၊မွေထိုင်းစတဲ့ အားကစားနည်းတွေကိုလည်း ထိုးသတ်ခဲ့ ဖူးပါတယ်။ဒါပေမယ့် မြန်မာ့လက်ဝှေ့ကတော့ ဗလာလက်သီး၊ခေါင်း၊တံတောင် အကုန်ပါတယ်ဆိုတာလည်း သိထားပါတယ်။" လို့ တရုတ်လက် ဝှေ့သမား ကျောက်ဝမ်ဝမ်းက ပြောပါတယ်။
အခုပွဲစဉ်က ခါးပတ်လုပွဲမဟုတ်ပဲ သာမန် စိန်ခေါ်ပွဲသာ ဖြစ်ပြီး အနိုင်ရတဲ့သူကိုလည်း အလဲမထိုးနိုင်ပါက အမှတ်ပေးစနစ်နဲ့ ဆုံးဖြတ်ပေးသွား မယ်လို့ WLC တည်ထောင်သူ ကိုဇေသီဟရဲ့ ပြောပြချက်အရ သိရပါတယ်။
"ကျွန်တော်ကတော့ တစ်ခုပဲ ပြောနိုင်ပါတယ်။ဒီပွဲမှာ အမှတ်ပေးစနစ်နဲ့ ဆုံးဖြတ်သည်ဖြစ်စေ၊မဆုံးဖြတ်သည် ဖြစ်စေ ကျွန်တော့်ရဲ့ ပထမဆုံး ပွဲ ဖြစ်လို့ အနိုင်ထိုးမှာပါ။သေချာတာကတော့ စိုးလင်းဦး လဲရင်လဲ မလဲရင် ကျွန်တော်လဲ ဒီနှစ်ခုပဲ မြင်ရဖို့ရှိပါတယ်။ ကျွန်တော်ကတော့ စိုးလင်းဦး ကို အလဲထိုးမှာပါ။" လို့ ကျော်ဝမ်ဝမ်းက ဆက်လက်ကြုံးဝါး ပြောခဲ့ပါသေးတယ်။
အခုတစ်ကြိမ် WLC - 6 ပြိုုင်ပွဲမှာလည်း ရှေ့ကပွဲတွေနည်းတူ တံတောင်နဲ့ ပွဲသိမ်းနိုင်ရင် ဆုကြေးဘယ်လောက်၊ဒူးနဲ့ ပွဲသိမ်းနိုင်ရင် ဆုကြေး ဘယ်လောက်စတဲ့ သတ်မှတ်ထားချက်တွေလည်း ဆက်လက်ပြုလုပ်ပေးထားလို့ အလဲထိုးစနစ် ပျောက်မသွားအောင် ဆောင်ရွက်ာထးတာ လည်း တွေ့ရပါတယ်။
Share