ဒီဇင်ဘာ ၁၆ရက်နေ့မှာထိုးသတ်မှာဖြစ်ပြီးဒီပွဲက သူ့ရဲ့ လက်ဝှေ့လောက နောက်ဆုံး တိုက်ပွဲလည်း ဖြစ်ဖို့များတယ်လို့ ထွန်းထွန်းမင်း ကိုယ်တိုင်က ပြောပါတယ်။
Photo - Dave fb
မြန်မာ့ရိုးရာ လက်ဝှေ့လောကကို ဝင်ရောက်လာပြီး နိုင်ပွဲတွေနဲ့ ပရိသတ်တွေ သတိထားမိလာတဲ့ ကနေဒါနိုင်ငံ ဒေ့ဗ်ကို မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံ ထွန်းထွန်းမင်းက စိန်ခေါ်လိုက်ပါပြီ။
လက်ဝှေ့လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တဲ့ ထွန်းထွန်းမင်း ဘာကြောင့် လက်ဝှေ့ ပြန်ထိုးတာလဲ?
ဒေ့ဗ်က မြန်မာပြည်မှာ ထွန်းထွန်းမင်းနဲ့ ၂ ပွဲထိုးထားပြီး တစ်ပွဲသရေကျကာ တစ်ပွဲကတော့ နိုင်ထားပါတယ်။ဒါကြောင့် အခုတစ်ကြိမ် တွေ့ဆုံမှု ကတော့ သူတို့နှစ်ဦးကြားက ၃ ပွဲမြောက်ပွဲဖြစ်လာတော့မှာ ဖြစ်ပါတယ်။
My Magical Myanmar
ဒီမတိုင်ခင်မှာ ထွန်းထွန်းမင်းက မြန်မာပြည်ချန်ပီယံ ဖြစ်ထားလို့ ထွန်းထွန်းမင်းကို အနိုင်ယူနိုင်ခဲ့တဲ့ ဒေ့ဗ်က မြန်မာပြည်ချန်ပီယံဖြစ်သွားပြီလို့ အများက ယူဆနေကြတာလည်း ရှိပါတယ်။
ဒီအပေါ်မှာတော့ ထွန်းထွန်းမင်းက အခုလို ရှင်းပြထားပါတယ်။ " ကျွန်တော်တို့ ပရိသတ်အချို့ လွဲမှားနေတဲ့ အသိတစ်ခုရှိပါတယ်။ ဥပမာ ပြောရ ရင် ကျွန်တော်တို့ ထိုင်းက မွေထိုင်းချန်ပီယံနဲ့ စိန်ခေါ်ထိုးတဲ့ပွဲမှာ ထိုင်းဖိုက်တာကို နိုင်သွားရင် ထိုင်းမွေထိုင်းချန်ပီယံ ဖြစ်သွားပြီလား? မဖြစ်ပါ ဘူး။ ချန်ပီယံကို နိုင်တယ်ဆိုတာပဲ ရှိပါတယ်။တစ်ကယ်တော့ မြန်မာပြည်ချန်ပီယံဆိုတဲ့ဘွဲ့ဆိုတာ ပြည်တွင်းနဲ့ပဲ ဆိုင်ပါတယ်။ နိုင်ငံခြားသားက လာထိုးတယ်ပဲထား သူက ချန်ပီယံကို နိုင်တယ်ဆိုတဲ့ ဂုဏ်တော့ရပါမယ်။ဒါပေမယ့် မြန်မာပြည်ချန်ပီယံဖြစ်သွားရောလား? ဒီလို လွဲမှားနေတဲ့ အသိတချို့ကြောင့် ကျွန်တော် ပြောပြရတာ ဖြစ်ပါတယ်။" လို့ ထွန်းထွန်းမင်းက ရှင်းပြပါတယ်။
Photo - My Magical Myanmar
ထွန်းထွန်းမင်းက အခုတစ်ကြိမ် လက်ဝှေ့ထိုးဖို့ မဆုံးဖြတ်ခင်က လက်ဝှေ့လောကက အနားယူတော့မယ်လို့ ဆုံးဖြတ်ဖူးပေမယ့်လည်း မြန်မာ့ရိုး ရာလက်ဝှေ့ဘုရင်အဖြစ် နိုင်ငံခြားသားက ရယူထားသလိုလို မြန်မာနိုင်ငံမှာ အသံတွေထွက်နေလို့ မြန်မာလူမျိုးတွေရဲ့ ရိုးရာလက်ဝှေ့ ဂုဏ် အတွက်၊သူ့ရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာအတွက် ဒေ့ဗ်ကို စိန်ခေါ်ထိုးတော့မှာဖြစ်တယ်လို့လည်း ပြောပါသေးတယ်။
" လူမှုကွန်ရက်မှာ ပရိုဖိုင်းတောင် အမှန်မတင်ပဲ ဝေဖန်နေတဲ့ သူတွေကို ဂရုမစိုက်ပါဘူး။ဒီပွဲက ကျွန်တော့်ဘဝအတွက် နောက်ဆုံးပွဲလည်း ဖြစ် လာဖို့ရှိပါတယ်။အဓိက ကျွန်တာ် စိန်ခေါ်ထိုးတာကတော့ ကျွန်တော်တို့ မြန်မာ့ရိုးရာ လက်ဝှေ့ဂုဏ်သိက္ခာအတွက်၊ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ် အစစ်အမှန်အတွက်၊ကျွန်တော်ရဲ့ ဂုဏ်သိက္ခာအတွက် ပြန်လည်စိန်ခေါ်ထားတာပါ။" လို့ ထွန်းထွန်းမင်းက ဆက်လက်ပြောပါတယ်။
ဒေ့ဗ်အနေနဲ့ အရပ်အမောင်းကောင်းတာကြောင့် မြန်မာပြည်က လက်ဝှေ့သမားများကို အားသာချက်ရှိရှိထိုးသတ်အနိုင်ယူနိုင်နေခဲ့တာ ဖြစ်ပြီး ဒီအချက်အပေါ်မှာလည်း ထွန်းထွန်းမင်းက အခုလို ပြောပါသေးတယ်။
"ကျွန်တော်တို့က သူနဲ့ အရပ်နည်းနည်းကွာနေတယ်။ဒီအားသာချက်ပေါ်မှာပဲ သူက အနိုုင်ရနေတာပါ။သူသာ ကျွန်တော်တို့နဲ့ အရပ်မကွာရင် ရဲသွေးနီနဲ့ထိုးရင်တောင် သူနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် အခုချိန်မှာ ကျွန်တော်သာ လက်လျော့လိုက်ရင် သူက မြန်မာပြည်ချန်ပီယံလိုလို ဖြစ် နေတော့မှာပါ။ကျွန်တာ်သာ မထိုးတော့ရင် နောက်က ကလေးတွေ ပိုခက်သွားပါလိမ့်မယ်။ အဲ့ဒါကြောင့် ကျွန်တော် အကောင်းဆုံး ပြင်ဆင်နေပါ တယ်။ရေကုန်ရေခမ်း ထိုးသတ်အနိုင်ယူနိုင်ဖို့ အပြင်းအထန်လေ့ကျင့်နေပါတယ်။" လို့ ထွန်းထွန်းမင်းကပြောပါတယ်။
အခုလို ထွန်းထွန်းမင်းရဲ့ စိန်ခေါ်မှုနဲ့ ပတ်သက်ပြီး ဒေ့ဗ်ကလည်း - "မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံအနေနဲ့ ကျွန်တော်ဟာ စိန်ခေါ်မှုတွေ အားလုံးကို လက်ခံရမှာ ဖြစ်ပါတယ်။ အခြား ကိုယ်ခံပညာရပ်များနဲ့ နှိုင်းယှဉ်ပြီး လက်ဝှေ့ရဲ့စွမ်းအား အစစ်အမှန်ကို ပြနိုင်ဖို့အတွက် နိုင်ငံခြားသားတွေနဲ့ ကျွန်တော်ပို၍ထိုးသတ်လိုပါတယ်။ ဒါပေမယ့် ထွန်းထွန်းမင်းက သုံးကြိမ်မြောက် ထိုးသတ်ဖို့ ကျွန်တော့်ကို စိန်ခေါ်ခဲ့ပါတယ်။ သူ့စိန်ခေါ်မှုကို ကျွန်တော်လက်ခံခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့၌ ရန်ကုန်တွင် ကျွန်တော်တို့ ထိုးသတ်ကြမှာ ဖြစ်ပါတယ်။" လို့ သူ့ရဲ့ တရားဝင် လူ မှုစာမျက်နှာထက်မှာ ရေးသားဖော်ပြလာပါတယ်။
Share