တကယ်တော့ တိုက်ခိုက်ရေးနည်းစနစ်ဆိုတာ ပညာရပ်ပါ။

ပွဲက ၅ ချီမြောက်ရောက် သွားတဲ့ အချိန်မှာတော့ ရွှေပွဲလာ ပရိသတ်တွေနဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေ ဟင်း ချနိုင်ခဲ့ပါတယ်။  ပရိသတ် တောင်းဆိုထားတဲ့အတိုင်း လုပ်ပွဲလို့ မထင်အောင် အောင်လက တစ်ကယ်ထိုးပြနေခဲ့တာကိုး၊သွေးမထွက်ပဲ နိုင်ရင် ၊အမြန်ဆုံးနိုင်သွားခဲ့တာတွေကို လုပ်ပွဲလို့ ပြောနေကြ တော့ အောင်လက လုပ်ပွဲလို့မထင်အောင် အကြာကြီး သူထိုးကိုထိုး၊သူကွဲကိုယ်ကွဲ ထိုးပြနေပြီလေ။

IMG_6718.JPG 

မြန်မာနဲ့တွဲပြီး တစ်ကမ္ဘာတစ်ဝှမ်းလုံးက သိကြတဲ့ မြန်မာ့ရိုးရာလက်ဝှေ့၊ အနောက်နိုင်ငံတွေမှာဆိုရင်တော့ ကစ်ဘောက်ဆင်၊ ဘောက်ဆင် ၊ထိုင်းမှာဆို မွေထိုင်း၊နောက်ပိုင်းမှာတော့ MMA လို့ လူသိများတဲ့ ကိုယ်ခံပညာပေါင်းစုံသုံး တိုက်ခိုက်ရေးပြိုင်ပွဲ စတာ တွေ အားလုံးက တိုက်ခိုက်ရေး အားကစားနည်းတွေပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ထိုးသတ်နေရပေမယ့် ဒါဟာ တစ်ယောက်နဲ့ တစ်ယောက် အမုန်းတရားတွေ ကြောင့် မဟုတ်သလို၊အငြိုးတွေလည်း မရှိကြပါဘူး။ အားကစားဆိုတဲ့ ခေါင်းစဉ်အောက်မှာ အနိုင်အရှုံးဆိုတဲ့ ရလဒ်ကို ဖော်ဆောင်နိုင်ဖို့သာ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းအောက်ကနေ ယှဉ်ပြိုင်နေကြတာပါ။

ထွန်းထွန်းမင်းရဲ့ စိန်ခေါ်မှုကို ဒေ့ဗ်လက်ခံခဲ့ပြီ 

ဒီအပေါ်မှာ ပရိသတ်တွေရဲ့အားပေးမှုတွေက ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုး၊ ကိုယ့်အားကစားသမား အနိုင်ရဖို့ လှုံ့ဆော် သြဘာပေးမှုတွေ လုပ်ကြသလို၊ အားမလိုအားမရ ဖြစ်ပြီး အော်ဟစ်အားပေးတာတွေကလည်း တိုက်ခိုက်ရေး ပွဲတိုင်းလိုလိုကို တွေ့မြင်ကြားသိနေရတဲ့ မြင်ကွင်းတွေပါပဲ။

Photo - mmajunkie.com

 

ဆိုလိုချင်တာက ကြိုးဝိုင်းထဲမှာ တိုက်ခိုက်ရေး သမား ၂ ယောက် မျက်နှာချင်းဆိုင်လိုက်တာ အမုန်းတရားတွေကြောင့် မဟုတ်ပါဘူး။ အငြိုးတွေလည်းမရှိပါဘူး။သူတို့ဟာ နိုင်ငံအတွက် ဒါမှမဟုတ် ပရော် ဖက်ရှင်နယ်အတွက် သူတို့ကစားပွဲကို ပြိုင်ကြတာပါ။ အခြားတစ်ဖက်မှာ သူတို့ဟာ မိတ်ဆွေတွေ၊သူငယ် ချင်းတွေ၊ အဲ့ထက်ပိုရင် ညီအကိုအရင်းတွေတောင် ဖြစ်နေနိုင်ပါသေးတယ်။

အနီးစပ်ဆုံးပြောရမယ်ဆိုရင် မြန်မာ့ရိုးရာ လက်ဝှေ့ အားကစားနည်းကနေ စပြောချင်ပါတယ်။ မြန်မာ့ရိုး ရာလက်ဝှေ့ အားကစား ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ကျော်က စတင်ပေါ်ပေါက်ခဲ့တဲ့ ကစားနည်းတစ်ရပ်ဖြစ်ပြီး ပွဲကျောင်းလို့ခေါ်တဲ့ ဘုန်းကြီး ကျောင်းတွေမှာ ကိုယ်ခံပညာတစ်ရပ်အနေနဲ့ သင်ကြားပေးကြတယ်လို့ သမိုင်းမှတ်တမ်းတွေ အရ သိရပါတယ်။  မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွေကို အရင်က ဘုရားပွဲတွေ၊ ၁၂လ ရာသီပွဲလမ်း သဘင်တွေ မှာဖျော်ဖြေမှုအဖြစ် တင်ဆက်လေ့ရှိပါတယ်။

ရှေးယခင်က မြန်မာ့လက်ဝှေ့ပွဲတွေမှာ အလဲထိုး၊ အကွဲထိုးသာရှိပြီး ပြိုင်ပွဲစည်းမျဉ်းအတိအကျမရှိပေမယ့် ဒီဘက်ခေတ် မှာတော့ မြန်မာ့ရိုးရာလက်ဝှေ့က အားကစားပိုဆန်လာပါပြီ။ အမှတ်ပေးစနစ်နဲ့ ကျင်းပလာတာတွေ မြင်နေရပြီ အလဲထိုးစရာမလိုတော့ဘူး။ အကွဲထိုးစရာမလိုတော့ဘူး။ ဒီလိုမျိုး လက်ဝှေ့သမားတွေအတွက် ဘယ်လို နာကျင်မှုကို သက်သာလျော့နည်းစေမလဲဆိုတဲ့ လူသားချင်း ကိုယ်ချင်းစာနာတဲ့ စိတ်ထားနဲ့ လက်ဝှေ့ ပညာရှင် တွေက နည်းလမ်းပေါင်းစုံသုံးပြီး ရှာဖွေဖော်ထုတ်ပေးနေတာလည်း ဖြစ်ပါတယ်။

Photo - MyanmarNote

 

အမှတ်ပေးစနစ်ဆိုရင် ထိချက်မှန်ရမယ်။ပြင်းတာ မပြင်းတာ မလိုဘူး။ ထိချက်မှန်ရင် အမှတ်ဘယ်လောက် ဘယ်နေရာကို ထိအောင် ထိုးနိုင်ရင် အမှတ်ဘယ်လောက်၊ အဲ့ဒီအပေါ်မှာ ဆုံးဖြတ်ပေးသွားနေတာ ဖြစ်တဲ့အတွက် နာကျင်မှု ပုံရိပ်၊ သွေးထွက်သံယို ပုံရိပ်တွေ ကို တတ်နိုင်သလောက် လျှော့ချနေတာ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာဆိုရင်လည်း ကမ္ဘာပေါ်မှာ ခေတ်စား  နေတဲ့ ဘောက်ဆင်က ကတော့ ခြေထောက်ကန်ချက် မရဘူး။ လက်ဝှေ့ ကိုမှ လက်အိတ်စွပ်ပြီးထိုးရတာ။ အဲ့ဒီလက်အိတ်စွပ်ထိုးရမယ်ဆိုတဲ့ ပြဿနာကလည်း မြန်မာနိုင်ငံက ရိုးရာလက်ဝှေ့ မှာတော့ လက်အိတ်ဝတ်ထိုးသင့်မထိုးသင့် အငြင်းပွား မှုတွေ ရှိနေဆဲပါပဲ။

“ ကျွန်တော်တို့က အားကစားသမားတွေပါ။ ရန်ဖြစ်နေကြတာ မဟုတ်ပါဘူး။ ရိုးရာလက်ဝှေ့က လက်သီးဗလာ နဲ့ ထိုးသတ် ရတယ်ဆိုတာ ဟိုအရင် နှစ်ပေါင်းများစွာတုန်းက စတင်ပေါ်ပေါက်ခဲ့ချိန်က လက်အိတ်ဆိုတာ မပေါ်ခဲ့လို့လေ၊ အဲ့ခေတ်တုန်းကသာ လက်အိတ်ဆိုတာ ပေါ်ခဲ့ရင် လက်ဝှေ့ကို စကတည်းက လက်အိတ်သုံးစေခဲ့မှာပါ။ ဘာလို့လဲဆိုတော့ အားကစားနည်းတစ်ရပ်ကို တီထွင်တယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် နာကျင်စေဖို့ ရည်ရွယ်တာမဟုတ်လို့ပါပဲ။ ကျွန်တော် ကတော့ လက်သီးဗလာနဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ကို လက်အိတ်စွပ်ထိုးသင့်တယ်လို့ ယူဆပါတယ်။ကျွန်တော်တို့ရဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ကိုလည်း အဆင့်မြှင့်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။” MMA ဖိုက်တာ ဖိုးသော်ရဲ့ မြန်မာ့ရိုးရာလက်ဝှေ့အပေါ်မြင်တဲ့ အယူအဆပါ။

Photo - MMA

 

တွေးကြည့်မယ်ဆိုရင် လက်ဝှေ့ကို တီထွင်တာ တစ်ဦးနဲ့တစ်ဦး နာကျင်စေဖို့ မဖြစ်နိုင်လောက်ပါဘူး။ အဲ့ဒီတုန်းကသာ လက်အိတ် ဆိုတာာ ပေါ်ခဲ့ရင် သူတို့ လက်အိတ်သုံးပြီး နာကျင်မှုကို အတတ်နိုင်ဆုံး လျော့နည်း အောင် ကာကွယ်ခဲ့မိကြမှာပါပဲ။ အသက်နဲ့ ရင်းရလောက်တဲ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေမှာ လက်သီးဗလာနဲ့ ထိုးရတယ်ဆိုပေမယ့်လည်း ဘယ်နေရာတွေကို မထိုးရဘူး။ မကန်ရဘူး ဆိုတဲ့ စည်းမျဉ်းတွေ ချမှတ်ထားတာကို ကြည့်ရင် သိမြင်နိုင်ပါတယ်။ ပေါင်ကြားကို ကန်ခွင့်မရှိဘူး။ လဲနေတဲ့ ပြိုက်ဖက် ကို ဆက်ပြီး ထိုးခွင့်မရှိဘူး ညီတူညီမျှ အနေအထားမှာသာ ကစားခွင့်ရှိတာကိုကြည့်မယ်ဆိုရင် ဒီအားကစားနည်းက ရက်စက်တယ်လို့ ဘယ်ဆိုနိုင်မလဲ။ ပြိုင်ပွဲဝင်တစ်ဦးစီတိုင်းကို ကာကွယ်ပေးလို့ရမယ့် အရာတွေကို ကာကွယ်ပေးထားတာကို သုံးသပ်ရမယ်ဆိုရင် ကစားသမားတွေကို နာကျင်ကွဲပြဲစေလို ခြင်းမရှိဘူးဆိုတာ မြင်သာမိမှာပါ။

“ကျွန်တော်တို့တွေ တစ်ပွဲလောက်ထိုးပြီးရင် ၃ လလောက်နားရပါတယ်။ အရင်တုန်းက ထိုးကြေး နည်းတုန်းက ဆိုရင် ဆရာတွေကိုလည်း ခွဲပေးရ ကိုယ်ရတဲ့ထဲကလည်း ဆေးပြန်ကုရနဲ့ မလောက်ငှပါဘူး။ နောက်ပြီး ကျွန် တော်တို့ ဘယ်လောက်ထိ ထိုးနိုင်မှာလဲ၊ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်ထိုးနေတာပါ။တစ်ပွဲတည်းနဲ့ အသေ အကြေထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ဒါကို နားမလည်ပဲ မထိုးနိုင်ဘူး။မကိုင်နိုင်ဘူး ဆိုရင်အားကစားနည်းက ဘယ်မှာ သွားပြီး အားကစားလို့ ခေါ်လို့ရတော့မလဲ။” မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တူးတူးက သူတို့တွေရဲ့ ဘဝတစ်စိတ်တစ်ဒေသကို လှစ်ဟပြခဲ့တာပါ။ ကစားသမားတွေ အလဲထိုး၊ အကွဲမထိုးနိုင်ရင် လုပ်ပွဲဆိုပြီး မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ်တွေက ရှုမြင်တတ်ကြပါတယ်။

ဟိုတလောတုန်းကမှ မြန်မာနိုင်ငံမှာ ထိုးသတ်သွားတဲ့ အောင်လအန်ဆန်နဲ့ ဂျပန်နိုင်ငံက ကမ်ဟာဆီဂါဝါတို့ရဲ့ MMA ပွဲတစ်ပွဲကိုပြန်ကြည့်တဲ့အခါ မြန်မာပရိသတ်တွေရဲ့ဖိအားကို ကစားသမားတွေရင်ဆိုင်နေရတယ်ဆိုတာ အထင်အရှားပါပဲ။

အဲ့ပွဲမတိုင်ခင်က  အောင်လအန်ဆန်ကို ပွဲတွေ မြန်မြန်သိမ်းပြီး အနိုင်ယူထားလို့ လုပ်ပွဲတွေလို့ အသံတွေ ထွက်နေတာတွေ ရှိခဲ့ပါတယ်။ ဒီအပေါ်မှာ အောင်လအန်ဆန်က အရင်တုန်းကပွဲတွေ မြန်မြန်ပြီးလို့ ကသိက အောက်ဖြစ်ရတဲ့ ပရိသတ်တွေအတွက် ဒီတစ်ခါ စိတ်ကျေနပ်အောင်၊ အထူးသဖြင့် ကုလားကားတစ်ကား ကြည့်ရသလို အရှည်ကြီး၊အကြာကြီး ထိုးပေးမယ်လို့ ဥပမာပေး ကတိပြုသွားခဲ့ပါတယ်။ ဒါက ဖြစ်နိုင်ပါ့မလားဆိုတာကို မြန်မာပရိသတ်တွေ အားလုံးစောင့်ကြည့်အားပေးခဲ့ကြတယ်။

လူတစ်ဖက်သား နာကျင်ရတော့မယ်၊သွေးထွက်ရတော့မယ်ဆိုတာကို မတွေးမိပဲ အောင်လပြောပုံအရ ဆိုရင် ဒီတစ်ခါ ပိုက်ဆံပေး ကြည့်ရတာ တန်တော့မယ်၊ ဘာလို့လဲဆိုတော့ ကုလားကားလိုဆိုတာ အကြာကြီးထိုးပြမယ် လို့ အောင်လက သွယ်ဝိုက်ပြီးပြောတာ ဒါဆို အနည်းဆုံးတော့ ၄ ချီ ၅ချီလောက်ကြည့်ရမယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေနဲ့ အားပေးဖို့ပြင်ဆင်ခဲ့ကြတယ်။

အောင်လအန်ဆန်ကတော့ လက်ပြနှုတ်ဆက်ရင်း သွေးထွက်သံယိုဖြစ်ဖို့ ပရိသတ်တွေ လက်ဝှေ့ပွဲတစ်ပွဲကို အလဲအကွဲကြည့်ရဖို့၊ သွေးထွက်သံယို မြင်ကွင်းတွေကိုကြည့်ပြီး အရမ်းမိုက်တယ်၊ဒါမှ ငါတို့အောင်လကွ…. မြန်မာဆိုတာ ဦးခေါင်းထက်က သွေးနီရဲပါစေ အရှုံးမပေးဘူးကွ….ဆိုပြီး အားပေး ကြမယ့် ပရိသတ်တွေအတွက်  လေ့ကျင့်ရေးကို အပြင်းအထန်လုပ်ခဲ့ရပါတယ်။ အောင်လရဲ့ မိဘ၊ညီကိုမောင်နှမ၊ဆွေမျိုးသားချင်း ဇနီးနဲ့သားကတော့ အောင်လပြောသွားတဲ့ စကားကြောင့် ရင်ထဲမှာ အပူလုံးတွေ လှိုက်လောင်နေခဲ့ပြီဆိုတာ အောင်လကို အားပေးတော့မယ့် ပရိသတ်ထုကြီးတစ်ခုလုံး လုံးဝမတွေးမိကြလေတော့ပါဘူး။ပွဲနေ့မှာတော့ အောင်လက ယောကျာၤပီပီ ကတိတည်ပါတယ်။ ပွဲလာပရိသတ်နဲ့ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ ပရိသတ်တွေကလည်း အောင်လ အပြောနဲ့အလုပ်ညီပါ့မလား ဆိုတာကို စောင့်ကြည့်အားပေးခဲ့ကြပါတယ်။

ပထမအချီပြီးသွားပါပြီ။ အရှုံးအနိုင်မပေါ်သေးပါဘူး။ဒုတိယအချီ ဆက်ထိုးပါတယ်။ မလဲကျသေးပါဘူး။ ဘယ်အချိန်အနိုင်ရမလဲ ဆိုတာ မသိပေမယ့် ၃ ချီမြောက်ပြီးတဲ့အထိ အရှုံးအနိုင်မပေါ်သေးတဲ့အချိန်မှာတော့ အောင်လရှုံးမှာကို စိုးရိမ်လာကြပါတယ်။ အောင်လ နိုင်ပါတော့မလား၊ ဂျပန်ဖိုက်တာက အရမ်းသန်နေပြီ အခုကြည့်နေရတာ အောင်လထိုးချက်တွေကို ခံထိုးနေတယ်၊ အောင်လလဲ ဖူးယောင် နေပြီ။ ဒီအတွေးတွေဝင်ရင်းနဲ့ပဲ လေးချီမြောက်လည်း ပြီးဆုံးခဲ့ပြန်ပြီ။ ဒီပွဲက ၅ ချီမြောက်ရောက် သွားတဲ့ အချိန်မှာတော့ ရွှေပွဲလာ ပရိသတ်တွေနဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေ ဟင်း ချနိုင်ခဲ့ပါတယ်။  ပရိသတ် တောင်းဆိုထားတဲ့အတိုင်း လုပ်ပွဲလို့ မထင်အောင် အောင်လက တစ်ကယ်ထိုးပြနေခဲ့တာကိုး၊သွေးမထွက်ပဲ နိုင်ရင် ၊အမြန်ဆုံးနိုင်သွားခဲ့တာတွေကို လုပ်ပွဲလို့ ပြောနေကြ တော့ အောင်လက လုပ်ပွဲလို့မထင်အောင် အကြာကြီး သူထိုးကိုထိုး၊သူကွဲကိုယ်ကွဲ ထိုးပြနေပြီလေ။အားလုံး မျက်ဝါးထင်ထင်မြင်ခဲ့ရပြီ ဂျပန်နဲ့ မြန်မာနဲ့ ကြိုးဝိုင်းထဲမှာ အသေအကျေထိုးနေတာတွေကို မြင်ခဲ့ရပြီလေ..။ ဘယ်သူက တွေးမှာလဲ သူတို့မိဘတွေနေရာကခံစားချက်ကို ဘယ်သူက သိမှာလ၊ဲ သူတို့ မိသားစုတွေရင်ထဲ ဘာဖြစ်နေလဲ၊ တစ်နိုင်ငံလုံးက အားပေးနေတဲ့ သူတွေ ပျော်ရွှင်အောင် သွေး၊ချွေးနဲ့ ပေးဆပ်နေတဲ့ သားတစ်ယောက်အပေါ် သူ တို့လည်း ဂုဏ်ယူနေမှာပေါ့။သူတို့လည်း ပျော်နေမှာပေါ့ တစ်နိုင်ငံလုံးက သားရဲ့ လုပ်ရပ်အပေါ် ကျေနပ်နေကြတာကို။ဒီလိုပဲ တွေးရမှာပဲလေ။

ပွဲပြီးလို့ အောင်လက နိုင်သွားတော့ ကွဲပြဲနေတဲ့ ဒဏ်ရာတွေကို ဆေးကုဖို့ မစဉ်းစားဘူး။ ထွက်နေတဲ့ ချွေးတွေကို သုတ်ဖို့ မစဉ်းစားဘူး။ရေသောက်ဖို့လည်း သတိမရဘူး။ ပျော်ရွှင်နေတဲ့ ပရိသတ်တွေရှိရာ မျက်နှာ မူပြီး တစ်ခွန်းတည်းပြောလိုက်တယ်။ ကုလားကားကြည့်ရတာ ကောင်းလားတဲ့…..။ ဒီစကားအဓိပ္ပာယ်ကို ဆက်စပ်တွေးကြည့်တဲ့အခါမှာ ပရိသတ်အများစုက တိုက်ခိုက်ရေးပွဲတွေကို ပြင်းထန်ပြီး ထိခိုက်ဒဏ်ရာရမှ၊ သွေးထွက်ကွဲပြဲမှ အားပေးရကျိုးနပ်တယ်လို့ ယူဆနေကြတာကို မြင်နိုင်ပါတယ်။ ပွဲအပြီးမှာလည်း အောင်ပွဲရ ကစားသမားကိုသာ တစ်ခဲနက် အားပေးတတ်ကြပြီး ရှုံးနိမ့်သူကို နှစ်သိမ့်ဖို့ကိုလည်း မေ့နေတတ်ကြပါတယ်။

တကယ်တော့ တိုက်ခိုက်ရေးနည်းစနစ်ဆိုတာ ပညာရပ်ပါ။ တိုက်ခိုက်ရေးအားကစားဆိုတာ တစ်ဖက်နဲ့တစ်ဖက် အနိုင်ရဖို့ ယှဉ်ပြိုင်နေရတာဖြစ်ပေမယ့် အားကစားပြိုင်ပွဲပါ။ တိုက်ခိုက်ရေးပွဲတွေကို ဘာလို့ အားကစားပွဲလို အားမပေးပဲ တစ်ဖက်နဲ့တစ်ဖက် အပြင်းအထန်တိုက်ခိုက်ပြီး ထိခိုက်ဒဏ်ရာရစေချင်ရတာလဲ…။ ဒါဆိုရင် တိုက်ခိုက်ရေးပွဲတွေကို အားပေးနေတဲ့ ပရိသတ်အများစုဟာ သွေးထွက်သံယိုဖြစ်မှ ပွဲကောင်းလို့ သတ်မှတ်ကြတာလား၊ ကြိုက်ကြတာလား…။ ဒီလိုဆိုရင်တော့ တိုက်ခိုက်ရေးသမားတွေဟာ သက်တမ်းရှည် ကစားနိုင်ကြတော့မှာမဟုတ်ပဲ၊အားကစားပွဲတစ်ခုကို အသက်နဲ့ရင်းပြီး ယှဉ်ပြိုင်နေရသလိုဖြစ်နေမှာပေါ့…။ တိုက်ခိုက်ရေးအားကစားပြိုင်ပွဲတွေကို ထိခိုက်ဒဏ်ရာရမှ ကျေနပ်ကြမယ်ဆိုရင်တော့ စည်းမျဉ်းတွေနဲ့ ပညာရပ်တွေကို မြင်တွေ့ခွင့်ရမှာမဟုတ်တော့ပဲ  သူသေကိုယ်သေပွဲတွေနဲ့ သွေးထွက်သံယို အနိဌာရုံ မြင်ကွင်းတွေကိုသာ မြင်တွေ့ခွင့်ရနေမယ်လို့ တွေးမိရင်း……………။

Share

Loading Next Article...
က္က