၂၀၂၀ မှာ 5G ဖုန်းတွေ အကြီးအကျယ် ထုတ်သွားမှာပါ
Nyein Min Wai

သြဂုတ်လကုန်ပိုင်းက 5G First Call ကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တဲ့ Vivo ကတော့ ဟောင်ကောင်မှာ ပြုလုပ်တဲ့ Qualcomm ရဲ့ 4G/5G Summit မှာ 5G ဖုန်းတွေနဲ့ပတ်သက်ပြီး အနာဂါတ်အစီအစဉ်တွေပါ ချပြသွားခဲ့ပါတယ်။



Photo: prnewswire

 

အောက်တိုဘာ ၂၂ ရက်ကနေ ၂၄ ရက်အထိ ဟောင်ကောင်မှာ ၃ ရက်တာ ကျင်းပခဲ့တဲ့ ဒီပွဲမှာ မိုဘိုင်းဆက်သွယ်ရေးလောကမှ ကမ္ဘာ့ထိပ်သီး ကုမ္ပဏီကြီးတွေ တက်ရောက်ခဲ့တာ ဖြစ်ပြီး Vivo ကတော့ ဒီပွဲမှာ လာမယ့် ၂၀၁၉ ကစပြီး 5G ဖုန်းတွေကို စတင် ဖြန့်ချိသွားမယ်လို့ကြေငြာခဲ့တာပါ။ ၂၀၂၀ မှာ 5G ကွန်ရက် အသုံးပြုနိုင်တဲ့ Intelligent Phone တွေကို စီးပွားဖြစ် အကြီးအကျယ် ထုတ်လုပ်သွားမယ်လို့ဆိုပါတယ်။

Qualcomm ရဲ့ 4G/5G Summit မှာ Vivo ရဲ့ ဒုဥက္ကဌ ဇောင်ဝေက 5G နဲ့AI နည်းပညာ ပေါင်းစပ်ထားတဲ့ အနာဂါတ် စမတ်ဖုန်းတွေအကြောင်း မျှဝေခဲ့ပြီး Vivo ကတော့ 5G ရတဲ့ AI ဖုန်းတွေကို Intelligent ဖုန်းတွေလို့နာမည်ပေးထားပါတယ်။ Vivo ရဲ့ Intelligent Phone တွေဟာ AI နည်းပညာစွမ်းရည်နဲ့ဖုန်းကို လူလို တွေးနိုင် သိနိုင်စေမှာ ဖြစ်ပြီး 5G ရဲ့ အဆင့့်မြင့်ဆုံးနဲ့အမြန်ဆုံး လိုင်းဆွဲအား ပါရှိမှာ ဖြစ်ပါတယ်။

"စမတ်ဖုန်းထုတ်လုပ်မှုကဏ္ဍဟာ အခြေခံလုပ်ဆောင်ချက်တွေကနေ အဆင့်မြင့်တဲ့ intelligent features တွေ ပါဝင်တဲ့ အဆင့်အထိ ဆင့်ကဲ တိုးတက်သွားမယ်လို့ကျွန်တော်တို့ယုံကြည်ထားပါတယ်။ အနာဂါတ်မှာ စားသုံးသူရဲ့ တောင်းဆိုချက်ကလည်း intelligent phones တွေပဲ ဖြစ်လာပါလိမ့်မယ်။ ဒီတော့ 5G နဲ့AI ပေါင်းစပ်ဖွံ့ဖြိုးမှုဟာ app သစ်တွေ အစီအစဉ်သစ်တွေအတွက် အဓိက မောင်းနှင်တဲ့နည်းပညာတွေ ဖြစ်လာမယ်လို့ယုံကြည်ပါတယ်" လို့မစ္စတာ ဇောင်ဝေက ဆိုပါတယ်။

"စမတ်" နည်းပညာခေတ်ကနေ "intelligent" ဖုန်းခေတ်ကို စမတ်ဖုန်းတွေ ပြောင်းစေခြင်းကြောင့် မိုဘိုင်းလ်အသုံးပြုရာမှာ တမူထူးခြားတဲ့ အတွေ့အကြုံသစ်တွေနဲ့အသွင်လက္ခဏာဆန်းတွေကို မြည်းစမ်းနိုင်တော့မှာပါ။

မစ္စတာ ဇောင်ဝေရဲ့ အဆိုအရ Vivo ဟာ ၂၀၁၉ မှာ NSA နဲ့SA စံနှုန်းမီ 5G ဖုန်းတွေကို အစမ်းသဘောအဖြစ် ပထမအသုတ် ဖြန့်ချိသွားမှာ ဖြစ်ပြီး ၂၀၂၀ မှာ 5G ဖုန်းတွေကို အမြောက်အများ ထုတ်လုပ်သွားမယ်လို့ပြောထားပါတယ်။

Vivo ဟာ 5G သုတေသနပိုင်းအတွက် ဘေဂျင်းမှာ သုတေသနစင်တာ တစ်ခု တည်ဆောက်ပြီး အကြီးအကျယ် ရင်းနှီးမြှပ်နှံထားတာ ဖြစ်ပါတယ်။

နှစ်ဆန်းပိုင်းက 3GPP စံ သတ်မှတ်ချက်အစီအစဉ်မှာလည်း Vivo မှ ပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ 5G စမ်းသပ်မှုတွေကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ပါတယ်။ အထင်ရှားဆုံးက pop up ကင်မရာ နဲ့in-display fingerprint စနစ်ပါဝင်တဲ့  Vivo Nex S ဖုန်းမှာ 5G ကို စမ်းသပ်အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo: prnewswire

 

၁၉၉၀ ပြည့်လွန်နှစ်များက စပြီး 2G ကွန်ရက်တွေ သုံးလာရာကနေ အခုဆို 5G ဖုန်းတွေအထိ မြင်ရဖို့အတော့်ကို နီးစပ်လာပြီ ဖြစ်ပါတယ်။ 5G နည်းပညာမှာ ရှေ့တန်းက ရောက်စေဖို့Vivo ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့က IoT Open Ecosystem Alliance အဖွဲ့အစည်းတည်ထောင်ပြီး အခြား IoT နည်းပညာပိုင်း ထိပ်တန်းကုမ္ပဏီများနဲ့ပူးပေါင်း လုပ်ဆောင်နေတယ်လို့ကြေငြာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က