အကြမ်းခံမှု အမြင့်ဆုံး Gorilla Glass မှန်ပါ
Nyein Min Wai

Corning ရဲ့ Gorilla Glass မှန်သစ်ဟာ အံ့အားသင့်လောက်အောင် အကြမ်းခံမှု မြင့်မယ်လို့ ဆိုပါတယ်။


နာမည်ကြီး စမတ်ဖုန်းအကြမ်းခံမှန်ထုတ်လုပ်တဲ့ Corning ဟာ Gorilla Glass 6 ရဲ့ နောက်မျိုးဆက်ကို Gorilla Glass Victus လို့ နာမည်သစ်ပေးသွားမှာပါ။ Gorilla Glass Victus ဟာ အရင်ထွက်ခဲ့တဲ့ Gorilla Glass မျိုးဆက်ဟောင်းတွေထက် လွတ်ကျဒဏ်နဲ့ အစင်းခြစ်တဲ့ ဒဏ်ကို သိသိသာသာ ပိုခံနိုင်ရည် ရှိမယ်လို့ ဆိုပါတယ်။


စမ်းသပ်မှုတွေအရ Victus ဟာ ၂ မီတာ (၆.၅ ပေ) အမြင့်ကနေ ကြမ်းတမ်းတဲ့ မျက်နှာပြင်ပေါ် မှန်ကို အောက်မှာထား လွှတ်ချခဲ့တဲ့ ဒဏ်ကို ခံနိုင်တာတွေ့ခဲ့ရပါတယ်။ လူတစ်ရပ်ကျော် အမြင့်ကနေ ကွန်ကရစ်ကြမ်းပြင်ပေါ် လွှတ်ချခဲ့တာပါ။ Corning ထုတ်မဟုတ်တဲ့ အကြမ်းခံမှန်တွေဟာ ၀.၈ မီတာ (၂ ပေခွဲကျော်) ကနေ လွတ်ကျတာနဲ့ ကွဲကြေသွားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

Gorill Glass 5 ဟာ အမြင့် ၁.၆ မီတာ (၅ ပေကျော်)ကနေ လွတ်ကျတဲ့ ဒဏ်ကို ၈၀% ခံနိုင်ရည်ရှိပြီး Gorilla Glass 6 မှာ အလားတူအမြင့်ကနေ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေပေါ် လွတ်ကျမှုဒဏ်ကို ပိုခံနိုင်အောင် ထုတ်ထားတာ ဖြစ်ပါတယ်။ စိန်သွားနဲ့ အစင်းခြစ်ကြည့်တဲ့ Knoop Diamond Scratch Test စမ်းသပ်မှုမှာလည်း Victus မှန်ဟာ ပြိုင်ဘက်မှန်တွေထက် နှစ်ဆကနေ ၄ဆအထိ ပိုပြီး အစင်းခြစ်ဒဏ်ကို ခံနိုင်မယ်လို့ ဆိုပါတယ်။

Gorilla Glass Victus ဟာ ပျမ်းမျှအားဖြင့် အမြင့် ၁ မီတာ ကနေ လွတ်ကျမှုဒဏ်ကို အကြိမ် ၂၀ ခံနိုင်ရည်ရှိပြီး သူ့အရင် ထွက်ထားတဲ့ Gorilla Glass 6 ကတော့ အလားတူ အမြင့်မှာ ၁၅ ကြိမ် လွတ်ကျဒဏ်ခံနိုင်မှာပါ။ Samsung ဟာ Gorilla Glass Victus ထုတ်ကုန်ကို ပထမဆုံး သုံးနိုင်မယ့် ကုမ္ပဏီ ဖြစ်ဖို့ ရှိပြီး လာမယ့်နှစ် Galaxy စမတ်ဖုန်းသစ်တွေမှာ Victus မှန် သုံးတာ တွေ့ရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က