တရုတ်မှာလည်း iPhone ဟောင်းတွေ အပိတ်ခံထားရပါတယ်။

Apple ဟာ မြူးနစ်မြို့တရားရုံးမှာ ဉာဏမူပိုင်ခွင့်နဲ့ပတ်သက်ပြီး Qualcomm ကို အမှုရှုံးတာကြောင့် ဈေးကွက်ထဲ ရောက်နေတဲ့ iPhone 7 နဲ့iPhone 8 မော်ဒယ်တွေကို ဂျာမဏီနိုင်ငံ Apple Store တွေကနေ ပြန်သိမ်းနေပြီ ဖြစ်ပါတယ်။

         ဥပဒေကြောင်းအရ iPhone XS နဲ့iPhone XR လိုမျိုး မော်ဒယ်သစ်တွေဟာ Qualcomm နဲ့မငြိတာကြောင့် မပါဝင်ခဲ့ပါဘူး။ Apple ဟာ ဂျာမဏီနိုင်ငံမှာ တရားဝင်စတိုးပေါင်း ၁၅ ခုဖွင့်လှစ်ထားပြီး ဒီဆိုင်တွေမှာ ရောင်းချနေတဲ့ iPhone 7 နဲ့iPhone 8 လို မော်ဒယ်ဟောင်းတွေကို အရောင်းရပ်ခဲ့တာပါ။ တရားဝင်မဟုတ်တဲ့ လက်ဝေခံရောင်းတဲ့ ဆိုင်တွေမှာတော့ ဒီမော်ဒယ်တွေကို ဝယ်ယူနိုင်ဦးမှာပါ။

         ကမ္ဘာကျော် chipmaker ကြီး ဖြစ်တဲ့ Qualcomm နဲ့Apple တို့ဟာ မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ပြီးခဲ့တဲ့ နှစ်ကတည်းက တရားရင်ဆိုင်နေခဲ့တာ ဖြစ်ပါတယ်။ Qualcomm အနေနဲ့Apple ဟာ သူ့ရဲ့ မူပိုင်ခွင့် ၁၆ ခုကို iPhone X အပါအဝင် iPhone 7/7 Plus နဲ့iPhone 8/8 Plus တွေမှာ ချိုးဖောက်မှု ရှိထားတယ်ဆိုပြီး အမှု ၃ ခုနဲ့တရားစွဲထားတာပါ။ Qualcomm ရဲ့ မူပိုင်ခွင့်ထဲက အတော်များများဟာ ဘက်ထရီသက်တမ်းပိုင်းဆိုင်ရာ အားခံစေမယ့် နည်းပညာအတော်များများ ပါဝင်တာ ဖြစ်ပြီး ကျန်တာတွေကတော့ စမတ်ဖုန်းဆိုင်ရာ နည်းပညာများ ဖြစ်ပါတယ်။

         Apple အနေနဲ့Qualcomm ကို စီးပွားရေး လုပ်ရာမှာ ကတိမတည်မှုကြောင့် တောင်ကိုရီးယားအာဏာပိုင်တွေနဲ့ပူးပေါင်းပြီး တရားစွဲခဲ့တာပါ။ တောင်ကိုရီးယားအစိုးရများဟာ ၂၀၁၆ ဒီဇင်ဘာလထဲမှာ ချပ်စ်ဈေးကွက်မှာ ဈေးအလွန်အကျွံတင်ပြီး ရောင်းဝယ်မှု ပြုခဲ့တဲ့ Qualcomm ကို ဒေါ်လာ ၈၅၄ သန်း ဒဏ်ရိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကလည်း ဈေးကွက်လက်ဝါးကြီးအုပ်မှုပြစ်ချက်နဲ့Qualcomm ကို တရုတ်နိုင်ငံ တရားရုံးမှ ဒေါ်လာ ၉၅၇ သန်း ဒဏ်တပ်ခဲ့ပါတယ်။

         အခုလို တရားတဘောင်တက်နေချိန် Qualcomm နဲ့စာချုပ်မကုန်ခင် Intel နဲ့တစ်ခြား chip supplier ဖြစ်တဲ့ Qorvo တို့ရဲ့ အစိတ်အပိုင်းတွေကို သုံးထားတဲ့ iPhone မော်ဒယ်တစ်ချို့ကို ဂျာမဏီဈေးကွက်ကနေ ပြန်သိမ်းပေးဖို့အမိန့်စာ ရထားပါတယ်။ Apple ကတော့ ဒီစီရင်ချက်ကို အယူခံဝင်မယ်လို့ဆိုပါတယ်။ Qualcomm ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကပဲ တရုတ်နိုင်ငံတွင်း iPhone မော်ဒယ်ဟောင်းတွေ ရောင်းချခွင့် ပိတ်ပေးဖို့တောင်းဆိုရာမှာ အနိုင်ရထားပါတယ်။

Photo: Caixin Global

         တရုတ်မှာတော့ iPhone 6s ကနေ iPhone X အထိ ဖုန်းမော်ဒယ်တွေ ရောင်းချခွင့် ပိတ်ပင်ခံရတာပါ။ Apple ဟာ တရုတ်နိုင်ငံအတွင်း ရောင်းချထားတဲ့ iPhone မော်ဒယ်တွေ အပိတ်မခံရဖို့iOS 12.1.2 သစ်ကို တင်ခဲ့ပါသေးတယ်။ ဒီတရားတဘောင်ပြဿနာဟာ နောက်ထပ် iPhone ရောင်းချရာ နိုင်ငံတွေပေါ်ပါ သက်ရောက်မှု ရှိနိုင်ပါတယ်။



က္က