iOS ဗားရှင်းအနေနဲ့ပဲ ထွက်ထားတဲ့ Fortnite ကို ရှေ့လကစပြီး အန်းဒရိုက်ဗားရှင်းအနေနဲ့ဖြန့်ချိသွားတော့မှာပါ။ ပြဿနာက ဒီဗားရှင်းကို Galaxy Note 9 ဖုန်းကိုင်သူတွေပဲ အရင်ဆုံးကစားခွင့်ရမှာပါ။
photo: wccftech
Samsung နဲ့Fortnite တို့ပူးပေါင်းပြီး အချိန်ကာလအကန့်အသတ်နဲ့Android ဗားရှင်းအဖြစ် မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။ XDA Developers နဲ့9to5Google တို့က လာတဲ့ သတင်းအရင်းအမြစ်တွေအရ Fortnite အန်းဒရိုက်ဗားရှင်းဟာ သြဂုတ်လ ၉ ရက်နေ့မိတ်ဆက်သွားမယ့် Samsung Galaxy Note 9 နဲ့အတူ ထွက်လာမှာ ဖြစ်ပြီး ရက် ၃၀ သီးသန့်ထုတ်သွားမှာပါ။
Galaxy Note 9 နဲ့အတူ ရက်အကန့်အသတ်နဲ့ဖြန့်ချိပြီးမှ တစ်ခြား အန်းဒရိုက်ဖုန်းတွေဆီ ရောက်လာမှာ ဖြစ်ပါတယ်။ လက်ရှိ Fortnite ဂိမ်းကို iOS ဗားရှင်းအပြင် Xbox One ၊ PC ၊ PlayStation 4 နဲ့Nintendo Switch တို့မှာ ကစားနိုင်မှာပါ။ ကမ္ဘာတစ်ဝှမ်းမှာ ဒီဂိမ်းကို ဆော့နေသူပေါင်း ၁၂၅ သန်းကျော်နေပြီး နောက်နှစ်ထဲမှာ ဒေါ်လာ သန်း ၁၀၀ တန် နိုင်ငံတကာ ဂိမ်းပြိုင်ပွဲတစ်ခုအဖြစ် ကျင်းပသွားမယ်လို့ဆိုပါတယ်။
Fortnite ကို ပြီးခဲ့တဲ့ နှစ် ဇူလိုင်လထဲမှာဖြန့်ချိထားတာ ဖြစ်ပြီး တစ်နှစ်အတွင်း ဒေါ်လာသန်း ၂၀၀ ကျော်ရှိခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်းမှာ ဒီဂိမ်းကို ဒေါင်းလုပ်ဆွဲမှုပေါင်း ၄၅ သန်း ကျော်ခဲ့ပြီး Nintendo Switch အတွက် ကစားနိုင်အောင် ဖြန့်ချိချိန်မှာ တစ်ရက်တည်းနဲ့ဒေါင်းလုပ်ဆွဲမှုပမာဏ ၂ သန်းကျော် အထိ ရောက်သွားခဲ့ပါတယ်။
အန်းဒရိုက်ဗားရှင်းအနေနဲ့စတင်ဖြန့်ချိသွားမယ့် Galaxy Note 9 ဟာ flagship processor သစ်ဖြစ်တဲ့ Snapdragon 845 chipset ၊ အဆင့်မြှင့်ထားတဲ့ ကင်မရာစနစ်နဲ့ပိုမြန်တဲ့ wireless charging အားသွင်းစနစ်များ ပါဝင်လာမှာပါ။ ဒီဇိုင်းပိုင်းမှာ အရင်နှစ်မော်ဒယ်ထက် စာရင် fingerprint ကလွဲပြီး အပြောင်းအလဲ သိပ်ရှိမှာ မဟုတ်ပေမယ့် S Pen ကတော့ အဝါရောင်ကာလာသစ်နဲ့အဆင့်မြင့်တဲ့ လုပ်ဆောင်ချက်များ ပါလာမှာ ဖြစ်ပါတယ်။
photo: XDA Developers
Fortnite ဂိမ်းကို Galaxy Note 9 နဲ့အတူ မိတ်ဆက်သွားမလားဆိုတဲ့ အချက်ကိုတော့ သြဂုတ်လ ၉ ရက်နေ့နယူးယော့ခ် Unpack show မှာ စောင့်မျှော်ရဦးမှာပါ။