တန်ဖိုးနည်း iPhone SE 2 လည်း မြင်ရတော့မှာပါ
Nyein Min Wai

၂၀၂၀ ပြည့်နှစ်မှာ ထွက်လာမယ့် iPhone တွေဟာ ဒီဇိုင်းပိုင်း အတော်လေး ပြောင်းလဲသွားဖို့ရှိပါတယ်။


Apple ထုတ်ကုန်တွေနဲ့ပတ်သက်ရင် ယုံကြည်ရတဲ့ မင်ချိကုအိုရဲ့ အဆိုအရ iPhone 12 စီးရီးဟာ iPhone 4 ၊ iPhone 5 နဲ့iPhone SE တို့ရဲ့ ပင်ကိုယ်ဟန်အတိုင်း flat-side ပုံစံနဲ့လာမှာ ဖြစ်ပြီး အနားသတ်အချိုးဟာ သိသိသာသာ လေးထောင့်ကျနေမယ်လို့ဆိုပါတယ်။ iPhone 12 Pro အကြောင်း concept ဗွီဒီယိုအဖြစ် YouTube ပေါ်တက်လာတဲ့ Path of Design အရ ဒီဖုန်းဟာ notch လုံးဝမပါတော့တဲ့ မှန်ပြင်ပြည့် ဖုန်းအဖြစ် ဖော်ပြထားပါတယ်။




တကယ်တော့ လာမယ့်နှစ်မှာ notchless iPhone ကို မြင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ကျောဘက်မှာ စတုရန်းကွက် camera module နဲ့ကင်မရာ ၄ လုံးတွဲ သုံးဖို့ကတော့ ဖြစ်နိုင်ခြေရှိပါတယ်။ Path of Design ရဲ့ concept ဗွီဒီယိုထဲမှာ iPhone သစ်တွေဟာ တစ်ခြားဖုန်းတွေကို ကြိုးမဲ့ အားပြန်သွင်းပေးနိုင်မယ့် reverse wireless charging စနစ် ပါလာမယ်လို့ဆိုပါတယ်။

မင်ချိကုအိုကတော့ ၂၀၂၀ ထုတ် iPhone တွေမှာ အဓိက feature သစ် ၃ မျိုး တွေ့ရမယ်လို့ခန့်မှန်းထားပါတယ်။ iPhone 12 စီးရီးဟာ iPhone 4 ရဲ့ form ကို ပြန်သုံးထားပြီး 5G ကွန်ရက်ချိတ်ဆက်နိုင်မယ့် ဖုန်းတွေ အဖြစ် မြင်ရမယ်လို့ဆိုပါတယ်။ ကင်မရာလုပ်ဆောင်ချက်ကိုလည်း upgrade လုပ်သွားမယ်လို့ပြောထားတာကြောင့် iPhone သစ်တွေမှာ ToF sensor ပါပြီး ပုံရိပ်အရည်အသွေးနဲ့AR လုပ်ဆောင်ချက်သစ်တွေလည်း လုပ်နိုင်ဖို့ရှိပါတယ်။

Photo: 91Mobiles

လာမယ့်နှစ်မှာ iPhone အားလုံး OLED screens သုံးလာဖို့ရှိပြီး မျက်နှာပြင်အရွယ်အစား ၅.၄ လက်မ ၊ ၆.၁ လက်မနဲ့၆.၇ လက်မစီ ရှိမယ်လို့လည်း မင်ချိကုအိုက ဆိုထားပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာဖုန်းတစ်လုံးကတော့ ဘက်ဂျက်ဈေးနဲ့မိတ်ဆက်သွားဖို့ရှိတဲ့ iPhone SE 2 ပါ။ iPhone SE 2 ဟာ iPhone 11 တွေမှာ သုံးသွားတဲ့ A13 Bionic processors နဲ့အတူ RAM 3GB/64GB storage ကနေ စတင်ထွက်ရှိလာမှာပါ။

၂၀၂၀ နှစ်ဆန်းပိုင်းမှာ မြင်ရဖို့ရှိတဲ့ ဒီဖုန်းကတော့ အနည်းဆုံး ၃၉၉ ဒေါ်လာဈေးကနေ စတင်ရောင်းချသွားမယ်လို့ဆိုပါတယ်။


က္က