စောင့်ကြည့်ရမယ့် affordable iPhone ပါ
Nyein Min Wai

iPhone 9 (ဒါမှမဟုတ်) iPhone SE 2 ကို ဧပြီလလယ်မှာ မြင်ရဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Best Buy ရဲ့ အရောင်းစာရင်းမှာ iPhone 9 အတွက် case အကြောင်း ဖော်ပြပြီးနောက် မိတ်ဆက်မယ့်ရက်အကြောင်း သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ Best Buy မှာ ရောင်းတဲ့ iPhone ကာဗာသစ်ကို ၂၀၂၀ မော်ဒယ် ၄.၇ iPhone သစ်အတွက် ဒီဇိုင်းထုတ်ထားတဲ့ Urban Armor case လို့ ဖော်ပြထားပါတယ်။

Photo: appleinsider

အစောပိုင်းက iPhone 9 သစ်ကို မတ်လ ၃၁ ရက်နေ့ မိတ်ဆက်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မိတ်ဆက်မယ့်အချိန် ပြောင်းသွားတာပါ။ တစ်ချို့သတင်းတွေမှာတော့ iPhone 9 ကို မေလ ၁ ရက်ကနေ ၅ ရက်အတွင်း ကြေညာမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ iPhone 9 နဲ့ အတူ iPhone 9 Plus လည်း မိတ်ဆက်သွားမယ်လို့လည်း သတင်းထွက်နေပါတယ်။

iPhone 9 ဟာ iPhone 8 အတိုင်း မျက်နှာပြင် ၄.၇ လက်မရှိမှာ ဖြစ်ပြီး iPhone 9 Plus ကတော့ မျက်နှာပြင် ၅.၅ လက်မ ပါလာဖို့ ရှိပါတယ်။ Touch ID စနစ် သုံးသွားမှာ ဖြစ်ပြီး iPhone 11 အတိုင်း A13 Processor သုံးသွားမယ်လို့ ဆိုပါတယ်။ iPhone 9 နဲ့ iPhone 9 Plus တို့ဟာ iPhone 8 စီးရီးအတိုင်း single lens နဲ့ dual lens စနစ် သုံးသွားဖို့ရှိပါတယ်။

Front Page Tech မှ နည်းပညာသရုပ်ခွဲသူ ဂျွန်ပရော့ဆာကလည်း သူ့ရဲ့ Tweet မှာ iPhone 9 ကို ခန့်မှန်းခြေ မတ်လ ၁၅ ရက်နေ့ ကြေညာပြီး ၂၂ ရက်နေ့မှာ တင်ပို့ရောင်းချသွားမယ်လို့ ရေးထားပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်အပြောင်းအလဲ ဖြစ်နိုင်တယ်လို့လည်း ပြောထားပါတယ်။ iPhone 9 ဟာ တန်ဖိုးနည်းမော်ဒယ်ဖြစ်ပြီး ၃၉၉ ဒေါ်လာ (မြန်မာငွေ ၅ သိန်းခွဲကျော်) ဈေးနဲ့ ထွက်လာဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က