လာမယ့် ၂၀၂၁ နှစ်က စပြီး Samsung ထုတ် စမတ်ဖုန်းတွေမှာ Graphene ဘက်ထရီနည်းပညာသစ်ကို သုံးလာဖို့ရှိပါတယ်။
နာမည်ကျော် စမတ်ဖုန်း သတင်းသမား အီဗန်ဘလတ်စ်ရဲ့ Twitter အရ Samsung ရဲ့ ဂရပ်ဖိုက်ဘက်ထရီနည်းပညာသစ်တီထွင်မှုဟာ လက်စသတ်လုနီးပါးအဆင့် ရောက်နေပြီလို့ဖော်ပြထားပါတယ်။ ဂရပ်ဖိုက်ဘက်ထရီနည်းပညာဟာ လက်ရှိ လစ်သီယံအိုင်ယွန်ဘက်ထရီနည်းပညာကို အဆင့်မြှင့်သွားမယ့် ဘက်ထရီနည်းပညာဖြစ်ပြီး အားသွင်းမှုပါ သိသိသာသာ မြန်လာမယ်လို့ဆိုပါတယ်။
Photo: notebookcheck
" အားအပြည့်သွင်းဖို့အတွက် နာရီဝက်တောင် ကြာမှာ မဟုတ်ဘဲနဲ့အားသွင်းနိုင်မှာပါ။ ကုန်ကျစရိတ်နည်းပါးပေမယ့် စွမ်းဆောင်ရည်မြှင့်ဖို့လိုဦးမှာပါ။" လို့ဘလတ်စ်က သူ့ရဲ့ Twitter မှာ ရေးထားပါတယ်။ ဂရပ်ဖိုက်ဘက်ထရီတွေဟာ ဘက်ထရီစွမ်းရည် ပိုမြင့်ပြီး အလေးချိန်ပေါ့ပါးမှုလည်း ရှိမယ်လို့ဆိုပါတယ်။ ဂရပ်ဖိုက်ဟာ ကာဗွန်ပုံစံတစ်မျိုး ဖြစ်ပြီး လက်ရှိ လစ်သီယံအိုင်ယွန်တွေထက် ပိုမို သေးငယ်ပါးလွှာတဲ့ battery packs တွေ ထုတ်လုပ်နိုင်မယ့် ပစ္စည်းအစိတ်ပိုင်းဖြစ်ပါတယ်။
ဒီနည်းပညာကို ကုမ္ပဏီနဲ့အဖွဲ့အစည်းတွေဟာ စားသုံးသူ အီလက်ထရွန်းနစ်ဈေးကွက်မှာ သုံးဖို့နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့တာပါ။ ဂျပန်အီလက်ထရွန်းနစ်ကုမ္ပဏီ Panasonic ဟာ ကွေးလိမ်ခေါက်သိမ်းနိုင်တဲ့ ဂရပ်ဖိုက်ဘက်ထရီငယ်တစ်ခု ထုတ်လုပ်ပြသခဲ့သလို ကိုရီးယား သုတေသီတွေကလည်း ထွင်းဖောက်မြင်နိုင်တဲ့ ဂရပ်ဖိုက် memory modules ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ Samsung ကုမ္ပဏီကိုယ်တိုင်လည်း ဂရပ်ဖိုက်နည်းပညာ သုံးပြီး ခေါက်သိမ်းနိုင် flexible displays ပါ ဖန်တီးခဲ့ပါတယ်။
Photo; cultofmac
၂၀၁၇ ခုနှစ်က Samsung ကုမ္ပဏီက သုတေသနပညာရှင်တွေဟာ လစ်သီယံအိုင်ယွန်ဘက်ထရီထက် အားသွင်းမှု ၅ ဆပိုမြန်တဲ့ Graphene Ball တစ်မျိုး တီထွင်ခဲ့ပါတယ်။ Samsung ဟာ ၂၀၁၆ ခုနှစ်က မိတ်ဆက်ခဲ့တဲ့ Galaxy Note 7 ဘက်ထရီမီးလောင်ပေါက်ကွဲမှု ဖြစ်ပြီးနောက် ဘက်ထရီဒီဇိုင်းတွေရဲ့ ချို့ယွင်းချက်ကို သုတေသနပြု လေ့လာခဲ့ပါတယ်။
Galaxy Note 7 မီးလောင်ပေါက်ကွဲမှုကြောင့် ဈေးကွက်ကနေ ရုပ်သိမ်းခဲ့ရပြီးနောက် Samsung ဟာ ဖုန်းဘက်ထရီတွေမှာ အဆင့် ၈ ဆင့် ဘက်ထရီစစ်ဆေးမှု Eight-Point Inspection process ကို ကျင့်သုံးခဲ့ပါတယ်။ Samsung ရဲ့ ဂရပ်ဖိုက်ဘက်ထရီနည်းပညာကို ၂၀၂၀ နှစ်ကုန်မှာ ထွက်လာမယ့် စမတ်ဖုန်းတွေမှာ မြင်ရဖို့ရှိပါတယ်။