အောက်တိုဘာ ၁၃ ရက် iPhone မိတ်ဆက်ပွဲမှာ ကြားသိရဖို့ရှိတဲ့ အချက်အလက်တစ်ချို့အကြောင်း

"Hi, Speed" ဆိုတဲ့ နာမည်နဲ့အတူ Apple ရဲ့ ဒုတိယမြောက်ဆောင်းတွင်း ထုတ်ကုန်အထူးမိတ်ဆက်ပွဲတစ်ခုကို အောက်တိုဘာ ၁၃ ရက်မှာ ကျင်းပသွားတော့မှာပါ။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးကြောင့် အွန်လိုင်းသီးသန့် ကျင်းပမယ့် ဒီပွဲမှာ iPhone 12 စီးရီး ဖုန်းသစ်တွေကို ကြေညာသွားမှာ ဖြစ်ပါတယ်။ ၂၀၂၀ ဟာ 5G ကူးပြောင်းရေး အားကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး Apple ရဲ့ ပထမဆုံး 5G iPhone တွေလည်း ဒီနှစ်ထဲ မြင်ရမယ်လို့ သတင်းထွက်နေတာ ဖြစ်ပါတယ်။



Photo: mobilesyrup

ဒီနှစ်ဟာ Apple သမိုင်းမှာ iPhone မော်ဒယ်အများဆုံး မိတ်ဆက်တဲ့ပွဲတစ်ခုအဖြစ် မှတ်တမ်းဝင်ဖို့ ရှိပါတယ်။ Apple ဟာ iPhone အမျိုးအစား ၄ မျိုး မိတ်ဆက်သွားမယ်လို့ သတင်းထွက်နေပြီး မော်ဒယ်အလိုက် အုပ်စုခွဲမယ်ဆိုရင် Vanilla ဗားရှင်းနဲ့ Pro ဗားရှင်းဆိုပြီး နှစ်မျိုးနှစ်စား ထွက်လာနိုင်ပါတယ်။ 

အရွယ်အစားအားဖြင့် ၅.၄ လက်မ ၊ ၆.၁ လက်မနဲ့ ၆.၇ လက်မဆိုပြီး ထွက်လာဖို့ ရှိပါတယ်။ ရိုးရိုးမော်ဒယ်ထဲမှာ အရွယ်အစားအသေးဆုံး iPhone 12 Mini နဲ့ ၆.၁ လက်မအရွယ် iPhone 12 ၊ Pro ဗားရှင်းထဲမှ ၆.၁ လက်မ iPhone 12 Pro နဲ့ ၆.၇ အရွယ် iPhone 12 Pro Max တို့ မြင်ရဖို့ ရှိပါတယ်။ 

ရိုးရိုးမော်ဒယ် iPhone သစ် နှစ်မျိုးဟာ 12MP wide-angle နဲ့ ultra-wide ကင်မရာနှစ်လုံး နဲ့ လာပြီး Pro ဗားရှင်းတွေမှာ Telephoto တစ်လုံးပို သုံးလာဖို့ ရှိပါတယ်။ သတင်းတွေအရ Pro မော်ဒယ်တွေဟာ iPad Pro သစ်မှာလိုပဲ Depth Tracking လုပ်နိုင်မယ့် LiDAR Sensor တစ်ခုလည်း သုံးလာနိုင်တယ်လို့ ဆိုပါတယ်။

ဗွီဒီယိုရိုက်ချက်အနေနဲ့ Slo-mo ဗွီဒီယိုကို 4K ရုပ်ထွက် 120fpf နဲ့ 240fps နှုန်းတွေနဲ့ ရိုက်ကူးနိုင်ဖို့ ရှိသလို Night Mode နဲ့ ရုပ်ထွက်ပိုကောင်းစေဖို့ Noise Reduction စနစ်တို့လည်း အဆင့်မြှင့်လာနိုင်ပါတယ်။ မှန်ပေါ်မှာတော့ ပိုပြီး အကြမ်းခံမာကျောမှု မြင့်မားတဲ့ ကြွေသား Ceramic Shield coating သုံးသွားမှာပါ။

ရှေ့ notch အရွယ်အစားကို လျှော့သွားဖို့ ရှိပြီး ဘေးဘောင်စတိန်းလတ်စတီးဟာ အရင်လို ခပ်လုံးလုံးပုံစံမဟုတ်ဘဲ ထောင့်စပ်စပ်အပြားဘောင်နဲ့ လာဖို့ ရှိပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့က မိတ်ဆက်သွားတဲ့ iPad Air သစ်လိုပဲ A14 SoC နဲ့ လာပြီး မော်ဒယ်ပေါ် လိုက်လို့ RAM 4GB နဲ့ 6GB ဗားရှင်းတွေ ထွက်လာမှာပါ။ 

Photo: wccftech


iPhone 12 မော်ဒယ်အားလုံးဟာ 5G ကွန်ရက်ချိတ်ဆက်မှု ပါလာဖို့ ရှိပြီး mmWave ကွန်ရက်ကတော့ မော်ဒယ်တိုင်းမှာ ပေးသွားဖို့ မရှိပါဘူး။ iPhone 12 Mini နဲ့ iPhone 12 တို့ဟာ အနက် ၊ အဖြူ ၊ အနီ ၊ အပြာနဲ့ အစိမ်း ကာလာ ၅ ရောင်နဲ့ ထွက်လာဖို့ ရှိပါတယ်။ Pro ဗားရှင်းတွေကတော့ ရွှေရောင် ၊ ငွေရောင် ၊ ဂရပ်ဖိုက်နဲ့ အပြာကာလာတွေနဲ့ ဝယ်ယူနိုင်ဖို့ ရှိပါတယ်။

လောလောဆယ် ကြားနေရတဲ့ ဈေးနှုန်းတွေအရ iPhone 12 Mini နဲ့ iPhone 12 တို့ကို ၆၉၉ ဒေါ်လာနဲ့ ၇၉၉ ဒေါ်လာဈေးတွေကနေ စတင်ရောင်းချသွားမှာ ဖြစ်ပြီး iPhone 12 Pro နဲ့ Pro Max တို့ကို ၉၉၉ ဒေါ်လာနဲ့ ၁၀၉၉ ဒေါ်လာ‌ဈေးတွေနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ အောက်တိုဘာ ၁၃ ရက် Apple ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ HomePod mini ဗားရှင်းလည်း မြင်တွေ့ရမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က