၁၀ မိနစ်အတွင်း ယွမ် သန်း ၂၀၀ ဖိုး ရောင်းချနိုင်ခဲ့ပါတယ်

တရုတ်ဈေးကွက်ထဲ တရားဝင်ရောင်းချမှု လုပ်တဲ့ နေ့မှာပဲ OnePlus 8T ဟာ ထူးခြားတဲ့ ရောင်းအားမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါတယ်။ 

OnePlus 8T ကို အောက်တိုဘာ ၁၉ ရက်နေ့မှာ တရုတ်ဈေးကွက်ထဲ တရားဝင် စတင်ရောင်းချလိုက်တာ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်ထဲ အသစ်ဝင်လာတဲ့ နောက်ဆုံးပေါ် flagship ဖုန်းကို ပထမဆုံး ရောင်းတဲ့မိနစ်ပိုင်းအတွင်းမှာ ယွမ် သန်း ၁၀၀ (ဒေါ်လာ ၁၄ သန်းခန့်) ဖိုး နဲ့ ၁၀ မိနစ်အတွင်း ယွမ် သန်း ၂၀၀ ( ဒေါ်လာ ၂၈ သန်းခန့်) ဖိုးအထိ ရောင်းချနိုင်ခဲ့တယ်လို့ Gizmochina သတင်းက ဆိုပါတယ်။



Photo: Phone Arena


T-series အနေနဲ့ ဒီနှစ်ထဲမှာ တစ်မျိုးတည်း ထွက်လာတဲ့ OnePlus 8T ဟာ 120Hz refresh rate display ပါရှိပြီး ၆.၅၅ လက်မ AMOLED panel သုံးထားတာ ဖြစ်ပါတယ်။ punch-hole 16MP selfie ကင်မရာ သုံးထားပြီး screen ဟာ flat panel အမျိုးအစား ဖြစ်ပါတယ်။ ဒီဖုန်းဟာ နောက်ဆုံးပေါ် Android 11 OS ကို အခြေခံထားတဲ့ OxygenOS 11 နဲ့ လာပြီး Always on Display သစ်နဲ့ လာပါတယ်။

Processor အနေနဲ့ Snapdragon X55 5G modem ပါ Snapdragon 865 chipset နဲ့ လာပြီး RAM 8GB/12GB နဲ့ 128GB/256GB storage ဗားရှင်းတွေ ထွက်ထားပါတယ်။ cooling system ကိုလည်း အရင်ထက် ၂၈၅% ပိုကြီးတဲ့ vapour chamber စနစ် သုံးထားပါတယ်။ ဘက်ထရီပါဝါ 4500mAh နဲ့အတူ 65W charging စနစ်လည်း သုံးထားပါတယ်။


Photo: Phone Arena

ကျောဘက်စတုဂံကင်မရာကွက်ထဲမှာ 48MP main sensor ၊ 16MP ultrawide lens ၊ 5MP macro lens နဲ့ 2MP depth sensor ကင်မရာလေးလုံး ပါရှိပါတယ်။ OnePlus 8T ရဲ့ ultrawide lens ဟာ ၁၂၃ ဒီဂရီအထိ Wide ဖမ်းယူနိုင်မှာ ဖြစ်ပြီး macro lens ဟာ အရာဝတ္ထုတစ်ခုကို 3cm အထိ အနီးကပ်အသေးစိတ်ဓါတ်ပုံတွေ ရိုက်ကူးနိုင်မှာပါ။ 

ဒီဖုန်းကို ၃၃၉၉ ယွမ် ဈေးကနေ စတင်ရောင်းနေတာ ဖြစ်လို့ တရုတ်ဈေးကွက်ထဲမှာ ပထမမိနစ်ပိုင်းအတွင်း အလုံးရေ ၂၈၀၀၀ ကနေ ၃ သောင်းနဲ့ ၁၀ မိနစ်အတွင်း အလုံးရေ ၆ သောင်းဝန်းကျင် ရောင်းချနိုင်ခဲ့တာ ဖြစ်ဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က