Cele တွေထောင်ထားတဲ့ Social Media App သုံးကြမလား

နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တွေဆိုတာ Follower အားကိုးနဲ့ စီးပွားရေးလုပ်ဖို့ ခွင်ကောင်းမိထားသူတွေလို့တောင် ပြောနိုင်ပါတယ်။


ဒါကြောင့်ပဲ Celebrities လို့ ခေါ်နေကြတဲ့ ထင်ပေါ်ကျော်ကြားသူတွေဟာ ဖက်ရှင်စီးပွားရေး လုပ်တယ် ၊ မိတ်ကပ်တွေ ထုတ် ၊ စာအုပ်တွေရေး ကြတာ ဖြစ်ပါတယ်။ ဒါတွေကတော့ Celebrities တွေနဲ့ YouTuber တွေ အင်တာနက်ပြင်ပ သူတို့စီးပွားရေးဩဇာကို ချဲ့ရာမှာ အများဆုံး လုပ်ကြတဲ့ ပင်မစီးပွားရေးတွေထဲက တချို့ပါပဲ။



အခုနောက်ပိုင်းမှာ တချို့ Cele တွေဟာ လူတိုင်း နေ့စဉ် သုံးနေကြတဲ့ Social Media ဘက်မှာ စီးပွားရေးလုပ်ဖို့ အာရုံရောက်လာနေပါတယ်။ တချို့ဆို Developers တွေနဲ့ ပေါင်းပြီး ကိုယ်ပိုင် Social Media Apps တွေတောင် ထုတ်လာပါပြီ။ နာမည်ကြီး Cele နဲ့ YouTuber တချို့ထောင်ထားတဲ့ Social Media Apps တချို့ကို ကြည့်လိုက်ရအောင်ပါ။


(၁) Daisie


Photo: justjaredjr

Game of Thrones ကြည့်ဖူးရင် စတာ့ခ်အိမ်တော်ရဲ့ တတိယသမီး အာရာစတာ့ခ်ကို မှတ်မိကြပါလိမ့်မယ်။ အာရာစတာ့ခ်မင်းသမီး မိုင်ဆီးဝီလျံစ်ဟာ ၂၀၁၉ ခုနှစ်မှာ Talent ကောင်းသူတွေကို ရှာဖွေရေးလုပ်ပေးမယ့် Daisie ဆိုတဲ့ app ကို ဖြန့်ချိခဲ့ပါတယ်။ ဒီ App ဟာ Creatives ဘက်က လူတွေကို သူတို့ရဲ့ Portfolios တွေ လုပ်ဖို့ ၊ သူတို့ရဲ့ အလုပ်အကိုင်တွေအကြောင်း မျှဝေဖို့ နဲ့ နယ်ပယ်တူ အချင်းချင်းဆက်သွယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ထားတာပါ။


Daisie app မှာ စာရေးဆရာတွေ ၊ ရုပ်ရှင်သမားတွေ ၊ အဆိုတော်တွေ ၊ စားဖိုမှူးတွေ ၊ Developers နဲ့ Architects တွေလိုမျိုး Creatives သမားတွေကို ချိတ်ဆက်ပေးပါတယ်။ ဒီ App ဟာ ဖြန့်ချိပြီး နှစ်ပတ်မပြည့်ခင်မှာ အဖွဲ့ဝင်ပေါင်း ၁ သိန်း ရှိထားပြီး Daisie တည်ထောင်သူ မိုင်ဆီးဝီလျံစ် နဲ့ ပူးတွဲတည်ထောင်သူ ဒွန်ဆန်ထရီတို့လည်း ၂၀၂၀ မှာ ဒေါ်လာ ၅ သိန်း မြတ်ခဲ့တယ်လို့ ဆိုပါတယ်။ 


အခုတော့ Diasie ဟာ Social Media ကွန်ရက်တစ်ခုအဖြစ်ကနေ ကိုယ့်ရဲ့ ဖန်တီးမှုစွမ်းရည်ကို မြှင့်တင်ချင်သူတွေအတွက်ပါ Online Courses တွေ ပေးတဲ့ ပလက်ဖောင်း ဖြစ်လာပါတယ်။ တစ်ခုရှိတာက Diasie ဟာ iOS App အနေနဲ့ပဲ ထွက်ထားပြီး Google Play Store ပေါ်မှာ ရောက်မလာသေးပါဘူး။ သုံးချင်ရင်တော့ ဝက်ဘ်ဆိုက်ဗားရှင်းအနေနဲ့ သုံးနိုင်ပါတယ်။ 


(၂) SplitMoji



Photo: Makeuseof

အခု သုံးနေတဲ့ emoji တွေ ၊ GIFs တွေလောက်နဲ့ မတင်းတိမ်နိုင်ရင်တော့ နာမည်ကျော် YouTuber လိုဂန်ပေါလ်ရဲ့ SplitMoji app ကို စမ်းသုံးကြည့်နိုင်ပါတယ်။ SplitMoji App ဟာ ကိုယ့်ဘာသာ custom emojis တွေ ၊ စတစ်ကာနဲ့ GIFs ဖိုင်တွေ ဖန်တီးနိုင်မယ့် app ဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ GIFs တွေ ကိုယ့်ဘာသာ ဖန်တီးချင်ရင်လည်း ကိုယ့်ဘာသာ ကခုန်ရင်းနဲ့ GIFs တွေ ဖန်တီးလို့ ရပါတယ်။


GIFs တွေ emoji တွေ ဖန်တီးပြီးရင်တော့ ကြိုက်ရာ Messaging App ကနေ တစ်ဆင့် သူငယ်ချင်းတွေဆီ လှမ်းပို့လို့ ရပါတယ်။ SplitMoji ဟာ ၂၀၁၆ ခုနှစ်မှာ စဖြန့်ခဲ့ပြီး အဲ့ဒီအချိန်က Apple App Store မှာ ထိပ်ဆုံးနေရာက ရပ်တည်ခဲ့တဲ့ App လည်း ဖြစ်ပါတယ်။ SplitMoji ကို iOS မှာ ဒေါင်းလုပ်ဆွဲနိုင်မှာ ဖြစ်ပြီး App အတွင်းမှာ in-app ဝယ်ယူမှု လုပ်နိုင်မှာပါ။ 


(၃) Notify

Photo: Makeuseof


YouTuber နဲ့ Twitch Streamer ဖြစ်သူ ဂျာမိုင်းပိုင်ဟာ လူမှုကွန်ရက်တွေပေါ်မှာ Streamer တစ်ယောက်အဖြစ် မရောက်လာခင်က Full-Stack Software Engineer ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ အိုင်တီနည်းပညာဆိုင်ရာ အတွေ့အကြုံတွေနဲ့ ‌Social Media ပေါ် ကျော်ကြားမှုတွေကို ပေါင်းစပ်ပြီး ငွေရှာနိုင်မယ့် စီးပွားရေးတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒါကတော့ Notify လို့ ခေါ်တဲ့ တခြား ပလက်ဖောင်းတွေပေါ် contents တွေ တိုက်ရိုက်ချိတ်နိုင်အောင် အချက်ပေးနိုင်မယ့် ‌App ထုတ်တာပဲ ဖြစ်ပါတယ်။ 


၂၀၂၁ ဧပြီလထဲမှာ ဖြန့်ချိခဲ့တဲ့ Notify app က အလုပ်လုပ်ပုံက ရှင်းပါတယ်။ Content Creator တစ်ယောက်ရဲ့ ပရိတ်သတ်တွေဟာ Notify ပေါ်မှာ အဲ့ဒီ Content ဖန်တီးသူရဲ့ YouTube ၊ Twitter ၊ TikTok နဲ့ Twitch စတဲ့ ပလက်ဖောင်းပေါင်းစုံမှာ တင်ထားတဲ့ လှုပ်ရှားမှုအားလုံးကို သိနိုင်အောင် လုပ်ထားတာပါ။ ဂျမိုင်းဟာ Notify app ကို သုံးနှစ် အချိန်ယူပြီး ရေးဆွဲခဲ့တာပါ။ 


App အနေနဲ့ ဒီနှစ်ပိုင်းမှ ထွက်လာတာဖြစ်ပြီး ကနဦးအဆင့်ပဲ ရှိသေးတာ ဆိုပေမယ့် လုပ်ငန်းဖွံ့ဖြိုးမှုကတော့ အတော်လေး အားကောင်းနေပြီ ဖြစ်ပါတယ်။ အချက်အလက်တွေအရ ဂျမိုင်းနဲ့ သူ့ရဲ့ Team ဟာ ရင်းနှီးမြှပ်နှံတဲ့ Capital Firms သုံးခုကနေ ရံပုံငွေ ဒေါ်လာ ၁ သန်း ရထားပြီလို့ ဆိုပါတယ်။ Notify ကို Android နဲ့ iOS နှစ်မျိုးစလုံးမှာ Free ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က