Screen Time များလာတာဟာ မျက်လုံးပြဿနာတက်အောင် လုပ်နေတာပါပဲ

ဒီနေ့ခေတ်မှာ လူတစ်ယောက်ရဲ့ ကိုယ်ပြင်ပအင်္ဂါအစိတ်အပိုင်းတွေထဲက အလုပ်အများဆုံးအရာဟာ မျက်လုံး ဖြစ်မယ်လို့ ထင်ပါတယ်။ eMarketer ရဲ့ သုတေသနအရဆိုရင် အရွယ်ရောက်ပြီးတဲ့ အမေရိကန်သားတိုင်းဟာ တစ်နေ့ကို ပျမ်းမျှ ၃ နာရီ ၄၃ မိနစ်ကြာအောင် စမတ်ဖုန်းသုံးကြတယ်လို့ ဆိုပါတယ်။ အကြမ်းဖျင်း တွက်ကြည့်ရင် ဒါဟာ တစ်နှစ်မှာ ရက်ပေါင်း ၅၀ လောက် Screen ကြည့်တာနဲ့ ညီပါတယ်။

           ဆေးပညာအရ လူ့ခန္ဓာကိုယ်မှာ အသန်မာဆုံးနဲ့အမြန်ဆုံး ကြွက်သားကို မျက်လုံးလို့ ဆိုပါတယ်။ တစ်နာရီလောက် စာဖတ်ချိန်မှာ မျက်လုံးအိမ်ကို ထိန်းထားတဲ့ ကြွက်သား ၆ ခုဟာ လှုပ်ရှားမှုပေါင်း ၁၀၀၀၀ နီးပါး လုပ်တယ်လို့ ဆိုပါတယ်။ ဒီလောက် အလုပ်များတဲ့ မျက်လုံးအတွက် နားချိန်ပေးသင့်တယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ အခုခေတ်လို Screen Time များလာတာဟာ မျက်လုံးပြဿနာတက်အောင် လုပ်နေတာနဲ့ အတူတူပါပဲ။



           ဒီတော့ Screen အကြည့်များကြတဲ့သူတွေအတွက် နေ့တိုင်း လုပ်ပေးသင့်တဲ့ မျက်စိကျန်းမာရေး လေ့ကျင့်ခန်းတချို့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။


(၁) မျက်လုံးကို အနွေးဓါတ်ပေးပါ


Photo: womenxo


           မျက်လုံးကို Warm Up လုပ်ဖို့က သိပ်လွယ်ကူရိုးရှင်းပါတယ်။ လွယ်သလောက်လည်း ထိရောက်ပါတယ်။ လုပ်နည်းက လက်ဖဝါးနှစ်ဖက်ကို ပူလာအောင် အချင်းချင်းပွတ်ပေးပြီး မျက်လုံးတွေပေါ် အုပ်ပေးထားရုံပါပဲ။ ဘာအလင်းမှ အဝင်မခံဘဲ မှတ်ထားတဲ့ မျက်လုံးကနေ အမှောင်ထုထဲကနေ စိတ်ချမ်းသာစရာ ၊ စိတ်သက်သာရာရစရာ မြင်ကွင်းနဲ့ သဘာဝရှုမျှော်ခင်းတွေကို အာရုံပို့ထားကြည့်ပါ။

           ဒီလိုလုပ်ခြင်းအားဖြင့် မျက်လုံးနဲ့ဦးနှောက်ဆီ လှုံဆော်ဆက်သွယ်နေတဲ့ အာရုံတွေ ဖြေလျှော့ပေးလိုက်ပြီး စိတ်ရော မျက်လုံးပါ သက်တောင့်သက်သာနဲ့ အနားရသွားစေမှာပါ။


(၂) အနီးအဝေးမြင်ကွင်းတွေပေါ် အာရုံစိုက်ပါ


Photo: homeremedyhacks


           ဘာမှမရှိတဲ့ ဗလာနံရံကြီးဘက် မျက်နှာလှည့်ပြီး လက်မောင်းဆန့် ၊ လက်မထောင်ပြီး လက်မကို ၁၀ စက္ကန့်ကနေ ၁၅ စက္ကန့်အကြား ကြာအောင် အာရုံစိုက်ကြည့်ပါ။ ပြီးရင် ပေ ၂၀ လောက် အကွာက အရာဝတ္ထုတစ်ခုကိုလည်း အလားတူ ၁၀-၁၅ စက္ကန့်ကြာ အာရုံစိုက်ထားပါ။ ဒီလေ့ကျင့်ခန်းကတော့ လတ်တလော အမြင်အာရုံအစွမ်းကို ထိန်းသိမ်း‌ပေးနိုင်ပါတယ်။


(၃) မျက်လုံးအကြည့်လှည့်ပေးပါ


Photo: healthline


           ဒီလေ့ကျင့်ခန်းလုပ်ရတာလည်း လွယ်ပါတယ်။ လူက မလှုပ်ဘဲ မျက်လုံးကို နာရီလက်တံသွားတဲ့ ပုံစံအတိုင်း ဖြည်းဖြည်းချင်း လှည့်ပတ်ကြည့်ပေးရမှာပါ။ နာရီလက်တံအတိုင်း တစ်ပတ်ပြည့်သွားရင်း နာရီလက်တံပြောင်းပြန်ပုံစံ ပြန်ပြီး Roll Back လုပ်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ ကိုယ်တစ်ယောက်တည်း ရှိနေမှ လုပ်တာ ကောင်းမယ်ထင်ပါတယ်။


(၄) 8 ဂဏန်းပုံ စိတ်နဲ့ ဆွဲပေးပါ

Photo: lifealth


           မတ်တပ်ရပ်ပြီး ဖြစ်ဖြစ် ထိုင်နေရင်းဖြစ်ဖြစ် လုပ်လို့ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ကိုယ့်ရှေ့ ၁၂ ပေလောက် အကွာ ကြမ်းပြင်ပေါ်မှာ မျက်လုံးအကြည့်နဲ့ အင်္ဂလိပ်ဂဏန်း 8 ပုံစံကို ရေးကြည့်ပါ။ ဒီလေ့ကျင့်ခန်းကတော့ မျက်လုံးကို ထိန်းချုပ်အားကောင်းအောင် လေ့ကျင့်တာ ဖြစ်ပါတယ်။


(၅) 20/20/20 Rule


Photo: ohkolkata


           ဒီလေ့ကျင့်ခန်းကလည်း နာမည်ကြီးပါတယ်။ Screen ပါတဲ့ အီလက်ထရောနစ်ထုတ်ကုန်တွေ သုံးသူတိုင်းဟာ Digital Eye Strain လို့ ပြောကြတဲ့ မျက်စိညောင်းတာမျိုး အဖြစ်များပါတယ်။ မျက်စိဒဏ်မဖြစ်ရလေအောင် Screen ပဲ ကြည့်ကြည့် စာအုပ်ပဲ ဖတ်ဖတ် မိနစ် ၂၀ ကြာရင် ပေ ၂၀ အကွာက အရာဝတ္ထုတစ်ခုခုကို စက္ကန့် ၂၀ ကြာအောင် ကြည့်ပေးခြင်း ဖြစ်ပါတယ်။

           ဒါလေးတွေကတော့ Screen အသုံးများသူတိုင်းအတွက် ကိုယ်တိုင် လုပ်နိုင်မယ့် လွယ်ကူရိုးရှင်းတဲ့ မျက်စိလေ့ကျင့်ခန်းလေးတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ မျက်စိအမြင်ဝါးလာမယ် ၊ အမြင်နှစ်ထပ်တွေ ဖြစ်လာပြီး ပုံမှန်ထက် ခေါင်းကိုက်တတ်လာတယ်ဆိုရင် မျက်စိအထူးကုနဲ့ သွားပြတာ အကောင်းဆုံးအကြံဉာဏ်လို့ ပြောချင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က