သင့် iPhone ရေရှည်အသုံးခံနိုင်ဖို့ အကြံပေးချက်တွေ

           iPhone ဆိုရင် လူအများစုက သူတို့ရဲ့ တန်ဖိုးကြီး ပိုင်ဆိုင်မှုတွေထဲကတစ်ခုအဖြစ် ယူဆထားကြပါတယ်။ တကယ်လည်း iPhone တစ်လုံးက အလတ်တန်းစား Android ဖုန်းတစ်လုံးထက် ဈေး ၄/၅ ဆလောက် ပိုကြီးတာပါပဲ။ ဒီလို ဈေးကြီးကြီး ပေးဝယ်ထားရတဲ့ပစ္စည်းတစ်ခု ရေရှည်အသုံးခံနိုင်ဖို့ဆိုရင် အခုပြောမယ့် အမှားတွေ မလုပ်မိဖို့ တိုက်တွန်းချင်ပါတယ်။



 

(၁) လွန်ကဲလှတဲ့ အပူချိန်အောက် ထားတာ


Photo: Unsplash

 

           အထူးထုတ်ထားတဲ့ ဖုန်းမှ မဟုတ်ရင် ဘယ်ဖုန်းမှ ပြင်းထန်လှတဲ့ အပူချိန်ကို ခံနိုင်ရည် မရှိပါဘူး။ ဖုန်းတစ်လုံးကို တိုက်ရိုက်နေရောင်ခြည်အောက်လိုမျိုး အလွန်ပူပြင်းတဲ့အခြေအနေမှာ ထားရင် ဘက်ထရီသက်တမ်း ထိခိုက်နိုင်ပါတယ်။ ပုံမှန်အားဖြင့် iPhone တစ်လုံးကို ထားသင့်တဲ့ အပူချိန်ဟာ အနုတ် ၂၀ ဒီဂရီစင်တီဂရိတ်ကနေ ၄၅ ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်ပါတယ်။

 

(၂) နည်းစနစ်မကျ အားသွင်းတာ


Photo: Unsplash

 

           ဖုန်းတစ်လုံးကို တစ်ညလုံး အားသွင်းထားတာဟာ Overcharge ဖြစ်ပြီး ကြာရင် ဘက်ထရီသက်တမ်း ထိခိုက်လာနိုင်ပါတယ်။ ဘက်ထရီပါဝါ ၁၀၀% မဖြစ်ခင် Charger က ဖြုတ်ဖို့ မမေ့ပါနဲ့။ ဖုန်း အားသွင်းရာမှာလည်း Original Charger မဟုတ်တဲ့ အားသွင်းခေါင်းတွေ နဲ့ အားသွင်းကြိုးတွေ မသုံးပါနဲ့။ Apple ထုတ်ကုန်ပဲ သုံးပါ။

 

(၃) သန့်ရှင်းရေး မလုပ်တာ


Photo: Unsplash

 

           ဖုန်းတွေဟာ နေ့တိုင်းသုံးတဲ့ အသုံးအဆောင် ဖြစ်သလို သန့်ရှင်းရေး လုပ်တာ အားနည်းတာကြောင့် အညစ်ပတ်ဆုံးပစ္စည်းလို့လည်း ဆိုနိုင်ပါတယ်။ ဖုန်းဆိုတာ လက်ကမချတမ်းဆိုသလို သုံးနေတဲ့ပစ္စည်းဖြစ်ပြီး ညစ်ပတ်နေတဲ့ လက်နဲ့လည်း ကိုင်မိတတ်တာပါပဲ။ ဖုန်းအနားမှာ နှာချေတာတောင် လုပ်မိနိုင်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ ပစ္စည်းတွေထဲမှာ သင်ကိုင်နေတဲ့ iPhone ဟာ ရောဂါပိုးမွှား အများဆုံးကပ်ငြိနေတဲ့ ပစ္စည်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

           Apple ကျွမ်းကျင်သူတွေကတော့ ဖုန်းကို ပုံမှန်သန့်ရှင်းဖို့ အကြံပြုပါတယ်။ ဖုန်းသန့်ရှင်းရေး လုပ်မယ်ဆိုရင် ရေနဲ့ နူးညံ့တဲ့ မိုက်ခရိုဖိုက်ဘာသား အဝတ်စ သုံးပြီး သန့်ရှင်းပေးသင့်ပါတယ်။ ဖုန်းကို ပုံမှန်သန့်ရှင်းပေးတာဟာ ရောဂါပိုးမွှားတွေ ဖုန်းမှာ ကပ်တွယ်မှု လျော့ကျဖို့ အလေ့အထကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

 

(၄) iCloud နဲ့ ကိုယ့်အချက်အလက်တွေ Back up မထားတာ


Photo: Unsplash

 

           လုံခြုံရေးစနစ်အနေနဲ့ iPhone က နာမည်ကောင်းရထားတာ မှန်ပါတယ်။ ဒါပေမယ့်လည်း နည်းပညာဆိုတာ ပြည့်စုံတယ်မရှိဘဲ အချိန်မရွေးပျက်သွားနိုင်ပါတယ်။ တကယ်လို့ မတော်တဆဖုန်းပျက်သွားရင်တောင် အထဲက အရေးကြီး အချက်အလက်တွေ မပျက်သွားဖို့ ကိုယ့်ရဲ့ Data တွေကို iCloud ထဲမှာ Back up ထည့် သိမ်းထားသင့်ပါတယ်။ iCloud နဲ့ သိမ်းထားတာကြောင့် နောက်ဖုန်းသစ်ထဲ ပြန်ထည့်မယ်ဆိုရင်လည်း ပိုလွယ်ပါတယ်။

 

(၅) Update မတင်တာ


Photo: Unsplash

 

           iPhone က ခဏခဏ update တွေပေးလို့ ဒေါင်းလုပ်ဆွဲပြီး Install သွင်းဖို့ ပျင်းတတ်တဲ့ Users တွေလည်း ရှိပါတယ်။ တကယ်တော့ iPhone အတွက် Updates ဆိုတာ အရေးကြီးပါတယ်။ ဒီ updates တွေကနေ ဟက်ကာတွေနဲ့ အန္တရာယ်ရှိတဲ့ bots တွေကနေ ကာကွယ်နိုင်အောင် Security Patch တွေ ဒေါင်းလုပ်ချပေးလို့ ဖြစ်ပါတယ်။ ဒါကြောင့် iPhone မှာ updates ပေးလာရင် ဖုန်းထဲ တစ်ခါတည်း ဒေါင်းလုပ်ဆွဲပြီး ထည့်ဖို့မမေ့ပါနဲ့။


ဆက်စပ်အကြောင်းအရာများ



က္က