အောက်တိုဘာ ၂၇ ရက်နေ့မှာလည်း စိတ်ဝင်စားစရာ ထုတ်ကုန်သစ်တွေ မြင်ရဖို့ ရှိပါတယ်

iPhone သစ်တွေကို ပုံမှန်အချိန်ဇယားအတိုင်း မိတ်ဆက်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေအကြားမှာ အခုသတင်းက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

အစောပိုင်းသတင်းတွေအရ Apple ဟာ အောက်တိုဘာလကုန်ပိုင်းမှာမှ iPhone သစ်တွေ ကြေညာသွားမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် iHacktu ရဲ့ Twitter မှာတော့ iPhone မိတ်ဆက်ပွဲဟာ ပုံမှန်အတိုင်း စက်တင်ဘာလထဲမှာပဲ ကျင်းပသွားမယ်လို့ ဆိုပါတယ်။ iPhone သစ်တွေ ဖြန့်ချိမယ့်အချိန်ကတော့ အောက်တိုဘာလအထိ စောင့်ရဖို့ ရှိပါတယ်။



Photo: somagnews

iHacktu ရဲ့ Tweet အရ Apple ဟာ စက်တင်ဘာ ၈ ရက်နေ့မှာ iPhone သစ်များ ၊ Apple Watch 6 ၊ iPad Pro သစ်နဲ့ AirPower wireless charger သစ်တို့ကို မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ COVID-19 ကြောင့် iPhone သစ် မိတ်ဆက်ပြသမယ့်ပွဲကို အွန်လိုင်းသီးသန့်ပွဲအနေနဲ့ပဲ ကျင်းပသွားမှာပါ။

ပြီးခဲ့တဲ့နှစ် iPhone 11 သစ်တွေကို စက်တင်ဘာ ၁၀ ရက် အင်္ဂါနေ့မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး iHacktu ပြောတဲ့ရက်အတိုင်း iPhone 12 တွေကို စက်တင်ဘာ ၈ ရက်နေ့ ကြေညာမယ်ဆိုရင်လည်း အင်္ဂါနေ့ပဲ ဖြစ်မှာပါ။ iHacktu ကတော့ Apple Silicon chipset သုံးထားတဲ့ MacBook နဲ့ MacBook Pro 13 သစ်တွေကို အောက်တိုဘာ ၂၇ ရက်နေ့မှာ မြင်တွေ့ရမယ်လို့လည်း ပြောထားပါတယ်။

အခုထိတော့ ဒီသတင်းဟာ ကောလာဟလလို့ပဲ သတ်မှတ်ရမှာ ဖြစ်ပြီး လာမယ့် ဩဂုတ်လထဲမှာ ပိုပြီး နီးစပ်မှန်ကန်မှုရှိမယ့် iPhone မိတ်ဆက်ပွဲသတင်းတွေအကြောင်း ကြားသိရဦးမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က