တတိယအကြိမ်မြောက် စံချိန်တင်ခဲ့တာပါ
Nyein Min Wai

     Xiaomi ကတော့ Mi Play စမတ်ဖုန်းသစ်ကို မိတ်ဆက်ရင်း ဂင်းနစ်ကမ္ဘာ့မှတ်တမ်းမှာ စံချိန်သစ် တင်သွားခဲ့ပါတယ်။

Photo: Gizmochina



         Xiaomi ရဲ့ နောက်ဆုံးထွက် Xiaomi Mi Play ကို တရုတ်နိုင်ငံ ဘေဂျင်းက ရှော့ပင်းမောလ်တစ်ခုမှာ ပရိတ်သတ်တွေကို ဆွဲဆောင်ဖို့ဆန်းပြားတဲ့ အစီအစဉ်တစ်ခု လုပ်ဆောင်ခဲ့တာပါ။ ဒါကတော့ ဖုန်းပေါင်း ၁၀၀၅ လုံးကို သုံးပြီး ခရစ္စမတ်သစ်ပင်စတိုင် dynamic display တစ်ခု ဖန်တီးခဲ့တာပါ။ ဖုန်းတွေနဲ့ဖန်တီးထားတဲ့ ခရစ္စမတ်သစ်ပင်ပုံ display ဟာ puzzle တစ်ခုအဖြစ်ပါ ပြသခဲ့တာပါ။

         အမြင့် ၇.၈ မီတာ ရှိတဲ့ ဒီသစ်ပင်ကို Mi Play ဖုန်းတွေနဲ့ပုံစံဖော်ရာမှာ အဓိက အခက်အခဲတွေကတော့ ထောင်နဲ့ချီတဲ့ ဖုန်းscreen တွေကို ဇယားကွက်အတိုင်း ထားပြီး ဖုန်းအားလုံး သူ့အပိုင်းနဲ့သူ ဟန်ချက်ညီညီ အလုပ်လုပ်နိုင်ဖို့ချိန်ရတာ ဖြစ်တယ်လို့ကုမ္ပဏီက ဆိုပါတယ်။ ပင်ပန်းရကျိုးနပ်တာတစ်ခုက Xiaomi အနေနဲ့အခုလို ဖုန်းတစ်မျိုးတည်းနဲ့ကမ္ဘာ့အကြီးဆုံး dynamic display တစ်ခု ပုံဖော်နိုင်ခြင်းကြောင့် စံချိန်သစ် တင်နိုင်ခဲ့တာပါ။

         ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်မှာ မိုဘိုင်းဖုန်း puzzel အဖြစ် ဖုန်းအများအပြားသုံးပြီး dynamic display ဖန်တီးခဲ့တဲ့ အများဆုံး မှတ်တမ်းကတော့ ဖုန်းအလုံးရေ ၅၀၄ လုံးပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ Xiaomi Mi Play ခရစ္စမတ်သစ်ပင်ပုံကို ၁၂ နာရီကြာအောင် ပြထားခဲ့ပြီး ရှော့ပင်းမောလ်ကို လာသူများအတွက်ပါ မြန်နှုန်းမြင့်အင်တာနက်အတွက် မိုဘိုင်းလ် wi-fi hotspot လွှင့်ပေးခဲ့တာပါ။

         dual-band Wi-Fi နဲ့လာတဲ့ Xiaomi Mi Play ဟာ waterdrop စတိုင် display ကို ပထမဆုံး သုံးလာတဲ့ Xiaomi ဖုန်းဖြစ်ပြီး မျက်နှာပြင် ၅.၈၄ လက်မ FullHD+ display နဲ့မိတ်ဆက်ထားတာ ဖြစ်ပါတယ်။ MediaTek Helio P35 Processor ကို သုံးထားပြီး ကျောဘက်မှာ 12MP + 2MP dual lens တွေနဲ့ထွက်လာတာပါ။ ရှေ့ကင်မရာ 8MP ၊ USB Type C ကနေ အားသွင်းနိုင်မယ့် 3000 mAh ဘက်ထရီနဲ့Mi Play ကို RAM 4GB/64GB storage တစ်မျိုးတည်းနဲ့ကြေငြာထားပြီး ဈေးနှုန်းကတော့ ၁၀၉၉ ယွမ် (မြန်မာငွေ ၂ သိန်းခွဲ) နဲ့ရောင်းချနေပါတယ်။

         Xiaomi ဟာ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်မှာ တတိယအကြိမ် စံချိန်သစ်တစ်ခု တင်ခဲ့တာ ဖြစ်ပြီး ပထမအကြိမ်မှာ အိန္ဒိယနိုင်ငံ ဘင်္ဂလာရူမှာ Xiaomi Mi Logo ကို မီးသီးပေါင်း ၉၆၉၀ လုံးနဲ့ပုံဖော်ခဲ့တာ ဖြစ်ပြီး ဒုတိယအကြိမ်ကတော့ အိန္ဒိယမှာ Mi Store ပေါင်း ၅၀၀ ကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Photo: gizmochina

         ကုမ္ပဏီရဲ့ CEO လိုင်ဂျန်ကတော့ သူ့ရဲ့ Weibo ပို့စ်မှာ ဒီလှုပ်ရှားမှုအတွက် အဖွဲ့သားတွေဟာ နှစ်ပတ်အချိန်ယူပြီး ပြင်ဆင်ခဲ့ရတယ်လို့ဖော်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က