ဖုန်း ၅ မျိုးထွက်ထားပါတယ်။

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီးအနေနဲ့Samsung ရဲ့ ထုတ်ကုန်ဖြစ်တဲ့ စမတ်ဖုန်းသစ်တွေက လေးစားစရာ အရည်အသွေးတွေနဲ့တရားဝင် ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

         Galaxy S series များ မိတ်ဆက်ခြင်း ၁၀ နှစ်ပြည့်အခမ်းအနားမှာ Samsung ဟာ ဈေးအနည်းဆုံး Galaxy S10e ၊ ပုံမှန်မော်ဒယ် Galaxy S10 နဲ့အမြင့်ဆုံးမော်ဒယ် Galaxy S10 Plus တို့အပြင် Galaxy Fold နဲ့Galaxy S10 5G ဆိုတဲ့ ထူးထူးခြားခြားမော်ဒယ်တွေပါ ကြေညာခဲ့တာပါ။



(၁) Galaxy S10e

Photo: Engadget

         ဖုန်း ၃ မျိုးထဲမှာ အနိမ့်ဆုံးမော်ဒယ်လို့ပြောရမယ့် ဖုန်းက Galaxy S10e ဖြစ်ပါတယ်။ မျက်နှာပြင် ၅.၈ လက်မအရွယ် Galaxy S10e ဟာ ကျောဘက် ကင်မရာ ၂ လုံး ၊ ရှေ့ဘက် ကင်မရာ ၁ လုံး ပါပြီး တစ်ခြား Galaxy S10 မော်ဒယ်တွေအတိုင်း 3D Face Unlock စနစ်ကို သုံးလာတဲ့ ဖုန်းပါ။

         Gorilla Glass 5 ထက် ၂ ဆကျော် ပိုပြီး မာကျောတဲ့ ကမ္ဘာ့အကြမ်းခံဆုံး Gorilla Glass 6 မှန်အုပ်ထားတဲ့ ဒီဖုန်းမှာ တစ်ခြားမော်ဒယ်တွေနဲ့မတူတာက fingerprint scanner ကို ဖုန်းညာဘက်ကိုယ်ထည်ဘေးမှာ ပါတဲ့ ပါဝါခလုတ်ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ တူတာတွေကတော့ ဆဌမမျိုးဆက် WiFi နည်းပညာ ၊ OneUI သစ် ၊ အမြင့်ဆုံး processor ဖြစ်တဲ့ Snapdragon 855 SoC နဲ့အတူ wireless charging ရတဲ့ ဖုန်းအချင်းချင်းကို ကြိုးမဲ့စနစ်နဲ့အားသွင်းနိုင်တဲ့ Wireless Power Share နည်းပညာ ပါဝင်လာတာပါ။

         3100 mAh ဘက်ထရီသုံးထားတဲ့ ဒီဖုန်းဟာ ကြိုးမဲ့အားသွင်းစနစ်မှာ 15W wireless charging သုံးထားလို့အတော့်ကို မြန်ဆန်ပါတယ်။ ထူးခြားတာက ဖုန်းအရောင်ပါ။ Galaxy S10e ၊ Galaxy S10 နဲ့Galaxy S10 Plus တို့ဟာ ကမ္ဘာ့ဈေးကွက်မှာ Prism White, Prism Black, Prism Green, Prism Blue, Canary Yellow, Flamingo Pink ဆိုပြီး ကာလာ ၆ မျိုးနဲ့ထွက်ထားတာပါ။

         ကင်မရာအနေနဲ့Galaxy S10 အတိုင်း ရှေ့ဘက် 10MP ကင်မရာ ၊ ကျောဘက် 12MP wide lens နဲ့16MP ultrawide lens တို့သုံးထားပါတယ်။ RAM 6GB /128GB ဗားရှင်းနဲ့RAM 8GB/256GB ဗားရှင်းဆိုပြီး နှစ်မျိုးထွက်ထားပြီး ဈေးနှုန်း ဒေါ်လာ ၇၅၀ (မြန်မာငွေ ၁၁ သိန်းခွဲကျော်) နဲ့ဒေါ်လာ ၈၅၀ (မြန်မာငွေ ၁၃ သိန်းကျော်) ဈေး နဲ့ရောင်းချသွားမှာပါ။

(၂) Galaxy S10

Photo: techradar

         ပုံမှန်မော်ဒယ်ဖြစ်တဲ့ Galaxy S10 ကတော့ မျက်နှာပြင် ၆.၁ လက်မ ၊ ultrasonic in-display လက်ဗွေနည်းပညာ ၊ ကျောဘက်မှာ OIS ရုပ်ငြိမ်စနစ်တွေ ပါတဲ့ 12MP telephoto lens ၊ 12MP wide lens နဲ့16MP ultra wide lens သုံးလုံးတွဲကင်မရာစနစ် ၊ 3400 mAh ဘက်ထရီပါရှိပြီး processor ကို 7nm octa-core Snapdragon 855 SoC အပြင် ဂျာမဏီ ၊ ပြင်သစ် ၊ သြစတြေးလျစတဲ့ ဥရောပဈေးကွက်တွေမှာ 8nm process နဲ့ထုတ်ထားတဲ့ Exynos 9820 processor နဲ့ထွက်လာတာပါ။

         RAM 8GB ကိုမှ 128GB storage နဲ့256GB storage ဆိုပြီး နှစ်မျိုးထွက်ထားပါတယ်။ Galaxy S10e လိုပဲ ကာလာ ၆ မျိုးနဲ့ထွက်ထားတဲ့ ဒီဖုန်းကတော့ အနိမ့်မော်ဒယ်အတွက် ဒေါ်လာ ၉၀၀ (မြန်မာငွေ ၁၃ သိန်း ၈ သောင်းခန့်) နဲ့ဒေါ်လာ ၁၁၅၀ (မြန်မာငွေ ၁၇ သိန်း ၇ သောင်းခန့်) ဈေး သတ်မှတ်ထားပါတယ်။

(၃) Galaxy S10 Plus

Photo: thesun

         ရှေ့ကင်မရာ ၂ လုံး ၊ ကျောဘက် ကင်မရာ ၄ လုံးပါပြီး onboard storage ကို 1TB အထိ သုံးလာတာကတော့ Galaxy S10 Plus ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၄ လက်မမော်ဒယ် Galaxy S10 Plus ဟာ ကျောဘက်မှာ ကင်မရာစနစ်ပိုင်းမှာ 12MP telephoto lens ၊ 12MP wide lens နဲ့16MP ultra wide lens နဲ့လာပြီး ရှေ့ဘက်မှာ 10MP+8MP dual punch hole ကင်မရာတွေ သုံးထားပါတယ်။

         Galaxy S10 Plus ဟာ RAM/storage ၃ မျိုး ပါလာတဲ့ ဖုန်းဖြစ်ပြီး အနိမ့်ဆုံး RAM 8GB/ 128GB ဗားရှင်း ၊ RAM 8GB/512GB ဗားရှင်းနဲ့RAM 12GB / 1TB ဗားရှင်းဆိုပြီး ထွက်ထားတာပါ။ အနိမ့်ဆုံးမော်ဒယ်ကို ဈေးကွက်မှာ ဒေါ်လာ ၁၀၀၀ (မြန်မာငွေ ၁၅ သိန်းခွဲခန့်) ၊ 512GB ဗားရှင်းကို ဒေါ်လာ ၁၂၅၀ (မြန်မာငွေ ၁၉ သိန်းကျော်) နဲ့အမြင့်ဆုံး 1TB ဗားရှင်းကို ဒေါ်လာ ၁၆၀၀ (မြန်မာငွေ ၂၄ သိန်း ၆ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။

(၄) Galaxy S10 5G

Photo: venturebeat

         luxury edition လို့ပြောရမယ့် ဖုန်းပါ။ မျက်နှာပြင် ၆.၇ လက်မရှိပြီး Galaxy S10 Plus အတိုင်း စုစုပေါင်း ကင်မရာ ၆ လုံးနဲ့လာပါတယ်။ 5G မော်ဒယ်မှာ ဒီလိုကင်မရာစနစ်တွေအပြင် 3D depth-sensing ကင်မရာတစ်ခုပါပြီး ဓါတ်ပုံလှည့်စားမှုနဲ့AR လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်မှာပါ။

         4500 mAh ဘက်ထရီနဲ့လာပြီး RAM 8GB/256GB storage မော်ဒယ်ထွက်ထားပါတယ်။ တစ်ခုရှိတာက 5G မော်ဒယ်မှာ microSD card မပါတော့တာပါပဲ။ လက်ရှိမှာ ဈေးနှုန်းကို မကြေညာထားပေမယ့် ဧပြီလထဲမှာ အမေရိကန်ဈေးကွက်ထဲ မိတ်ဆက်ဖို့ရှိပါတယ်။

(၅) Galaxy Fold

Photo: USA Today

         အနည်းဆုံး အလုံးရေ ၁ သန်း ထုတ်သွားမယ်ဆိုတဲ့ Samsung ရဲ့ ခေါက်သိမ်းနိုင်စမတ်ဖုန်း Galaxy Fold ဖုန်းပါ။ Infinity flex display နည်းပညာနဲ့လာပြီး ကိုယ်ထည်အတွင်းမှာ ဝှက်ထားတဲ့ gear ပတ္တာစနစ်ပါဝင်ပါတယ်။ display တစ်ခုလုံး ဖြန့်ထားချိန်မှာ မျက်နှာပြင် ၇.၃ လက်မရှိပြီး ခေါက်သိမ်းထားချိန်မှာ ၄.၆ လက်မ screen size နဲ့လာတဲ့ ဒီဖုန်းဟာ စမတ်ဖုန်းဈေးကွက်ထဲ ဒုတိယမြောက် ရောက်ရှိလာတဲ့ foldable phone လည်း ဖြစ်ပါတယ်။

         စုစုပေါင်း 4380mAh ရှိတဲ့ ဘက်ထရီနှစ်လုံး ပါပြီး ကင်မရာကတော့ ၆ လုံး သုံးထားပါတယ်။ LTE အပြင် 5G ဗားရှင်းနဲ့ပါ ထွက်ထားတဲ့ Galaxy Fold ဟာ ဒေါ်လာ ၁၉၈၀ (မြန်မာငွေ သိန်း ၃၀ နီးပါး) ဈေးနဲ့လာမယ့် ဧပြီ ၂၆ ရက်နေ့မှာ အမေရိကန်ဈေးကွက်ထဲ စတင်ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က