မှန်ပြင်အောက် လက်ဗွေနည်းပညာ ပါရှိပါတယ်။

၂၀၁၈ မှာ ချီးကျူးစရာ နည်းပညာသစ်တွေနဲ့စမတ်ဖုန်းတော်တော်များများ မြင်ခဲ့ရပါပြီ။ OnePlus 6T ကတော့ ဒီနှစ်ထဲ နောက်ဆုံးမြင်ရမယ့် ဈေးသင့်တဲ့ high-end ဖုန်းလို့ဆိုနိုင်ပါတယ်။

BnQ6r3rErjMqzAvY2bZKXm-1920-80.jpg

Photo: t3

 

OnePlus တွေကို လူသိများစေတဲ့ အချက်တစ်ခုက အမြင့်စား လုပ်ဆောင်ချက်တွေနဲ့သင့်တင့်တဲ့ ဈေးနှုန်းကြောင့်လို့ပြောရမှာပါ။ OnePlus 6T ကို မိတ်ဆက်ချိန်မှာ နည်းပညာပိုမြင့်လာပေမယ့် အရင် OnePlus 6 နဲ့ဈေးသိပ်မကွာတာ တွေ့ရပါတယ်။

ဒီဇိုင်းပိုင်းမှာ ထင်ရှားတဲ့အချက်တစ်ခုက OPPO ဖုန်းတွေမှာ စပြီး သုံးလာတဲ့ waterdrop ဆိုတဲ့ notch အသေးစားကို ပြောင်းသုံးပြီး မှန်ပြင်နေရာယူတဲ့အပိုင်းကို ပိုချဲ့လာပါတယ်။

screen ပိုင်းမှာ စိတ်ဝင်စားစရာက အကြမ်းခံမှုအမြင့်ဆုံး Corning Gorilla Glass 6 မှန်သစ်ကို ရှေ့နောက်နှစ်ဘက်စလုံးမှာ သုံးလာတာ ဖြစ်ပါတယ်။ Gorilla Glass 5 ထက် နှစ်ဆ အကြမ်းပိုခံပြီး အမြင့် ၃ ပေကျော်ကနေ ၁၅ ကြိမ်အထိ လွတ်ကျဒဏ်ခံနိုင်တဲ့ ဒီမှန်ကြောင့် OnePlus 6T ရဲ့ အကြမ်းခံနိုင်စွမ်းက မေးခွန်းထုတ်စရာ လိုမယ် မထင်ပါဘူး။

OnePlus အနေနဲ့ဒီဖုန်းရဲ့ ရေစိုဖုန်တင်ခံတဲ့ IP rating ကို မကြေငြာခဲ့ပေမယ့် အရင့်အရင် ဖုန်းတွေထက် ပိုမိုသာလွန်တဲ့ ရေစိုခံနိုင်စွမ်း ပါရှိတယ်လို့ကြေငြာထားပါတယ်။ OnePlus 6T ဟာ တော်ရုံ ရေမဝင်အောင်လို့ဖုန်း screen နဲ့ဘက်ထရီအကြားမှာ ရေလုံအောင် seal အုပ်ထားသလို ခလုတ်တွေနဲ့port ပေါက်တွေ တစ်ဝိုက်မှာလည်း ရာဘာနဲ့ရေမြှပ်အလုံစနစ်တွေနဲ့ဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။

OnePlus 6T ရဲ့ လေးစားလောက်တဲ့ feature သစ်က in-display fingerprint scanner ကို သုံးလာတာပဲ ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၄၁ လက်မအရွယ် ဒီဖုန်းဟာ AMOLED display နည်းပညာကြောင့် ကာလာစုံကို ပြက်ပြက်ထင်ထင် မြင်ရမှာ ဖြစ်သလို ရုပ်ထွက်ပိုင်းမှာလည်း ပြီးပြည့်စုံတဲ့ အရသာခံစားရစေမှာပါ။

ဒီ display အောက်က ဝှက်ထားတဲ့ လက်ဗွေအာရုံခံစနစ်ဟာ အရင်မြင်ဖူးတဲ့ in-display fingerprint နည်းပညာတွေထက် ပိုမိုအဆင့်မြင့်ပြီး စိတ်ချရမယ့် နည်းပညာ ဖြစ်တယ်လို့ကုမ္ပဏီက ကြေငြာထားပါတယ်။

 

ဒီလက်ဗွေနည်းပညာမှာ ဆန်းသစ်ထားတာတစ်ခုက မှန်ပြင်ပေါ်က စကင်နာကို လက်နဲ့သွားဖိလိုက်တာနဲ့အစိမ်းရောင်နောက်ခံ အလင်းတန်းကနေ လက်ဗွေကို အသေးစိတ်ဖတ်ပြနေတဲ့ ပုံ ပြသသွားမှာပါ။ OnePlus ကတော့ ဒီနည်းပညာကို Screen Unlock နည်းပညာလို့နာမည်ပေးထားပါတယ်။ OnePlus 6 နဲ့မတူတဲ့ နောက်တစ်ခုက headphone jack မပါတော့တာပါပဲ။

processor ကတော့ OnePlus 6 မှာလိုပဲ Snapdragon 845 processor နဲ့အတူ RAM 6GB/128GB ဗားရှင်း ၊ RAM 8GB/128GB ဗားရှင်းနဲ့အမြင့်ဆုံး RAM 8GB/256GB ဗားရှင်း သုံးမျိုးထွက်ထားပါတယ်။ ကင်မရာမှာလည်း OnePlus 6T ဟာ သူ့အရင်မော်ဒယ်အတိုင်း ကျောဘက်မှာ OIS နဲ့EIS ပါတဲ့ 16MP ပင်မကင်မရာ နဲ့2x telephoto ရိုက်နိုင်တဲ့ 20MP အရန်ကင်မရာ ပါရှိပြီး ရှေ့မှာ 16MP ကင်မရာ သုံးထားပါတယ်။

hardware ပိုင်းမှာ တူတဲ့အပိုင်း အတော်များပေမယ့် software အနေနဲ့နောက်ဆုံးထွက် update သစ်ဖြစ်တဲ့ Android 9 Pie ပေါ် အခြေခံထားတဲ့ Oxygen OS နဲ့လာတာက သတင်းကောင်းလို့ဆိုရမှာပါ။ OnePlus 6T ဟာ ပိုကြီးတဲ့ ဘက်ထရီပါဝါဖြစ်တဲ့ 3700 mAh ဘက်ထရီနဲ့လာပြီး 20W ထွက်တဲ့ Dash Charge အမြန်အားသွင်းနည်းပညာ ပါရှိပါတယ်။

Photo: T3

 

ဈေးနှုန်းအနေနဲ့OnePlus 6T ရဲ့ အနိမ့်ဆုံး 6GB ဗားရှင်းကို ဒေါ်လာ ၅၅၀ ၊ RAM 8GB/128GB ဗားရှင်းကို ဒေါ်လာ ၅၈၀ နဲ့RAM 8GB/256GB ဗားရှင်းကို ဒေါ်လာ ၆၃၀ ဈေးတွေနဲ့ဥရောပဈေးကွက်တွေမှာ စတင်ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။



က္က