WWDC 2020 မှာ မိတ်ဆက်ခဲ့တာပါ

COVID-19 ကြောင့် နှစ်စဉ်ကျင်းပနေကျ Apple ရဲ့ Worldwide Developer Conference (WWDC) 2020 ပွဲကို အွန်လိုင်းပွဲတစ်ခုအနေနဲ့ ကျင်းပသွားခဲ့ပြီး အ‌‌ရေးကြီးတဲ့ ကြေညာချက်သစ်တွေ မိတ်ဆက်သွားခဲ့ပါတယ်။

WWDC 2020 မှာ Mac ထုတ်ကုန်တွေအတွက် Intel အစား ကိုယ်ပိုင် ARM အခြေခံ A-Series chips တွေ သုံးတော့မှာ ဖြစ်သလို macOS ဗားရှင်းသစ် ၊ watchOS7 ၊ iPadOS 14 နဲ့ iPhone တွေအတွက် iOS ဗားရှင်းသစ်တွေပါ ကြေညာသွားတာ ဖြစ်ပါတယ်။ Apple ဟာ WWDC 2020 ပွဲကို iOS 14 နဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ iOS 14 မှာ ပါလာတဲ့ feature သစ်အတော်များများဟာ iPhone သုံးစွဲသူတွေအတွက် အသစ်ဖြစ်နေပေမယ့် Android ဖုန်းတွေမှာ ပါပြီးသားတွေ ဖြစ်ပါတယ်။



Translate

Photo: MacRumors

Apple ဟာ iOS 14 မှာ အင်္ဂလိပ် ၊ မန်ဒရင်းတရုတ် ၊ ပြင်သစ် ၊ ဂျာမဏီနဲ့ ကိုရီးယားအပါအဝင် ဘာသာစကား ၁၁ မျိုးကို ဘာသာပြန်ပေးနိုင်မယ့် Translate app မိတ်ဆက်ထားပါတယ်။ ဒီနှစ် မတ်လပိုင်းအထိ Google Translate app ဟာ စကားသံတွေကို တစ်ခြားဘာသာစကားတစ်ခုမှာ စာသားအဖြစ် တိုက်ရိုက် ဘာသာပြန်ပေးနိုင်တဲ့ စနစ်ကို ဘာသာစကား ၈ မျိုးအထိ ပံ့ပိုးထားပါတယ်။ 


Widgets

Photo: xda-developers

Apple ဟာ Operating Systems သစ်တွေနဲ့အတူ iPhone နဲ့ iPad တွေရဲ့ Home Screen မှာ ရာသီဥတုလိုမျိုး သတင်းအချက်အလက်တွေ ကြည့်လို့ရမယ့် Widgets တွေ ထည့်သွင်းလာပါတယ်။ ဒီ feature ကလည်း Android မှာ ရှိပြီးသား ဖြစ်ပါတယ်။ Apple ဟာ iOS 14 မှာ အသုံးများတဲ့ app တွေကို Smart Stack အနေနဲ့ အလိုအလျောက် စီပေးနိုင်အောင် ဖန်တီးလာသလို Widgets stack ကိုလည်း ကိုယ့်ဘာသာ စိတ်ကြိုက်ပြန်စဉ်နိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။


App Clips

Photo: WWZTV

App Clip ကတော့ 10MB အောက် app တွေကို ဒေါင်းလုပ်ဆွဲစရာမလိုဘဲ အသုံးပြုလို့ရနိုင်မယ့် feature ပါ။ ကော်ဖီဆိုင်တစ်ဆိုင်မှာ ကော်ဖီသောက်ပြီး ငွေရှင်းမယ့်သူဟာ အဲဒီစားသောက်ဆိုင်ရဲ့ app တစ်ခုလုံးကို ဒေါင်းလုပ်မဆွဲဘဲ NFC pad ပေါ် တင်လိုက်တာနဲ့ App Clip ကနေ တစ်ဆင့် Apple Pay နဲ့ ဝင်ပြီး ငွေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ခဲ့တဲ့ Google ရဲ့ Instant Apps နဲ့ ဆင်ပါတယ်။


App Library

Photo: slashgear


Android App Drawer နဲ့ ဆင်တဲ့ feature ဖြစ်ပြီး category အလိုက် တူရာ app တွေကို အလိုအလျောက် စုစည်းထားတာပါ။ အကြံပြုထားတဲ့ app နဲ့ folder တစ်ခု ဖွဲ့ထားပြီး အလွယ်တကူ ယူသုံးနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ 


Apple Maps Cycling Directions


Photo: The Verge

iOS 14 နဲ့ WatchOS 7 တို့မှာ စက်ဘီးစီးသူတွေအတွက် Maps app မှာ စက်ဘီးလမ်းကြောင်းတွေ ထည့်ထားပြီ ဖြစ်ပါတယ်။ လောလောဆယ် ဒီ feature ကို နယူးယော့ခ် ၊ လော့စ်အိန်ဂျလိစ် ၊ ဆန်ဖရန်စစ္စကို ၊ ရှန်ဟိုင်းနဲ့ဘေဂျင်းတို့မှာပဲ ဖြန့်ချိသွားမှာပါ။ Google Maps ကတော့ အရင် ၁၀ နှစ်လောက်ကတည်းက ဒီ feature ကို မိတ်ဆက်ထားတာပါ။


Picture-In-Picture

Photo: Droid-Life

ဒါကတော့ တစ်ခြား app တစ်ခုခု သုံးနေတုန်းမှာ ဗွီဒီယိုကြည့်လို့ ရမယ့် feature ပါ။ တစ်ခြား app တွေ သုံးနေချိန်မှာ ဗွီဒီယိုကို ချုံပြီး screen တစ်နေရာရာမှာ ပြနေမှာပါ။ iOS 14 မှာ ပါတဲ့ Picture-In-Picture စနစ်ကတော့ ဗွီဒီယိုကို swipe လုပ်ပြီး ဖယ်ရှားချိန်မှာကို အသံကြားနိုင်မှာ ဖြစ်ပါတယ်။ အန်းဒရိုက်မှာ ဗွီဒီယိုကို Swipe လုပ်ချိန်မှာ အသံဆက်ဖွင့်လို့ မရသေးပါဘူး။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က