မြန်မာငွေ သောင်းဂဏန်းနဲ့ အမိုက်စားဖုန်း

လူသိနည်းတဲ့ တရုတ်ဖုန်းကုမ္ပဏီ Umidigi ဟာ လူချင်းထိတွေ့စရာလိုဘဲ အပူချိန်တိုင်းနိုင်မယ့် Entry-level စမတ်ဖုန်းကို မိတ်ဆက်ပြသခဲ့ပါတယ်။

Umidigi A7S ဟာ အနီအောက်ရောင်ခြည်သုံး contactless သာမိုမီတာစနစ်နဲ့ လာပါတယ်။ အခုလို COVID-19 ကပ်ရောဂါကြီး ဖြစ်နေချိန်မှာ သာမိုမီတာတစ်ခါတည်းပါလာတဲ့ ဖုန်းတစ်လုံးဟာ လက်တွေ့အသုံးဝင်တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ AI Thermometer စနစ်နဲ့ လာတဲ့ ကမ္ဘာ့ပထမဆုံးဖုန်းဟာ မြန်မာငွေ သောင်းဂဏန်းတန် ဈေးနဲ့ ထွက်လာတာကိုလည်း ကြိုဆိုရမယ့် အချက် ဖြစ်ပါတယ်။



Photo: Tek Deeps


ဒီဖုန်းမှာ ပါတဲ့ သာမိုမီတာဟာ လူချင်းထိတွေ့စရာမလိုဘဲ လူရဲ့ အပူချိန်ကို တိုင်းတာနိုင်မှာပါ။ အပူချိန်တိုင်းတဲ့ အာရုံခံစနစ်ဟာ ကျောဘက်ကင်မရာစနစ်ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပြီး ဖုန်းဘယ်ဘက်ဘေးဘောင်မှာ ထည့်ထားတဲ့ shortcut key လေးကို နှိပ်ပြီး ကိုယ်အပူချိန်ကို အမြန်တိုင်းနိုင်မှာ ဖြစ်ပါတယ်။

Umidigi A7S ဟာ မျက်နှာပြင် ၆.၅၃ လက်မ HD+ display နဲ့ ထွက်ထားပြီး waterdrop notch စနစ်နဲ့ လာပါတယ်။ 20:9 aspect ratio ခပ်ရှည်ရှည်ဖုန်းကိုယ်ထည်ကြောင့် ရုပ်ရှင်ကြည့်တာ ၊ ဂိမ်းကစားတာတွေမှာ ပိုပြီး အဆင်ပြေမှာပါ။ ရှေ့ notch ထဲမှာ 8MP selfie ထည့်သွင်းထားပြီး ကျောဘက်မှာ သုံးလုံးတွဲကင်မရာစနစ်နဲ့ လာပါတယ်။

ကျောဘက်ကင်မရာအနေနဲ့ 13MP main sensor ဟာ 8MP ultra-wide lens ၊ 2MP depth sensor ကင်မရာနှစ်လုံးနဲ့ တွဲဖက်သုံးထားတယ်လို့ ဆိုပါတယ်။ နောက်ထပ်အားရစရာက USB Type C port ကနေ အားသွင်းနိုင်မယ့် 4150mAh ဘက်ထရီပါဝါနဲ့ 3.5mm headphone jack သုံးထားခြင်းပဲ ဖြစ်ပါတယ်။

Photo: Andrew Coleman

ဒီဖုန်းဟာ Android Go Edition ဖုန်းဖြစ်ပြီး MediaTek MT6737 chipset သုံးထားပါတယ်။ Entry-level ဖုန်းဖြစ်တဲ့အတိုင်း RAM 2GB/32GB storage နဲ့ တွဲဖက်လာပါတယ်။ dual SIM cards နဲ့အတူ storage အတွက် microSD card လည်း ထပ်စိုက်နိုင်မှာပါ။ ပိုလီကာဗွန်နိတ်ကိုယ်ထည်သုံးထားတဲ့ ဒီဖုန်းဟာ Granite Gray ၊ Sky Blue နဲ့ Peacock Green ကာလာ ၃ ရောင်နဲ့ ထွက်ထားပါတယ်။

Umidigi A7S ကို စက်တင်ဘာ ၂၁ ရက်နေ့ ကစပြီး ဒေါ်လာ ၇၀ (မြန်မာငွေ ၉ သောင်း ၂ထောင်ခန့်) ဈေးနဲ့ Pre-order မှာနိုင်မှာပါ။ 


Share

Loading Next Article...
က္က