တကယ်ကြီး ဖုန်းဆန်းတွေ မြင်ရတော့မလား

၂၀၁၉ ကတော့ ခလုတ်မရှိတဲ့ portless / buttonless ဖုန်းတွေ ခေတ်စားမယ့်နှစ် တစ်နှစ်ဖြစ်ဖို့ရှိပါတယ်။


Photo: GSMArena



         ဒီတစ်ပတ်ထဲ Meizu ဟာ USB port တွေ မပါတဲ့ ခလုတ်မဲ့ ဖုန်းတစ်မျိုးကို ကြေငြာနိုင်ခဲ့ပြီးနောက် ချက်ချင်းဆိုသလို Vivo ဟာ Apex 2019 နာမည်နဲ့concept ဖုန်းတစ်မျိုးကို အပြိုင်မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းဟာ စမတ်ဖုန်းနည်းပညာသမိုင်းကို ဂငယ်ကွေ့ကွေ့သွားတဲ့ တီထွင်မှုအပြည့်နဲ့ဖုန်းတစ်လုံးလို့ဆိုရမှာပါ။


         Vivo Apex 2019 ဟာ အားသွင်းပေါက်နဲ့ခလုတ်တွေ ဖြုတ်ထားတာ ဆိုပေမယ့် Meizu Zero နဲ့မတူဘဲ ကွဲထွက်လာတာတွေ ရှိပါတယ်။ ဥပမာ- အားသွင်းတဲ့ အပိုင်းမှာ Meizu Zero ဟာ wireless charging တစ်မျိုးတည်းပဲ သုံးထားပြီး Vivo Apex 2019 ကတော့ MagPort လို့ခေါ်တဲ့ magnetic connector တစ်ခု သုံးထားတာပါ။ ဒီ MagPort ဟာ ဖုန်းကို ကျောဘက်ကနေ ကြိုးမဲ့အားသွင်းပေးနိုင်သလို ကြိုးထိပ်က ခေါင်းကလေးကနေ အချက်အလက်တွေ အကူးအပြောင်းလုပ်ရာမှာလည်း သုံးနိုင်ပါတယ်။


         နောက်ထပ်ထူးခြားတာက ဒီဇိုင်းပိုင်းပါ။ Vivo ဟာ ပြီးခဲ့တဲ့နှစ်ကလည်း Apex နာမည်နဲ့full screen မှန်ပြင်ပြည့်ဖုန်းကို ကြေငြာခဲ့ပါတယ်။ pop-up ဆယ်လ်ဖီကင်မရာနဲ့မှန်ပြင်အောက်မှာ လက်ဗွေစနစ်ကို ဖုန်းလောကမှာ ပထမဆုံး သုံးပြခဲ့တဲ့ Vivo Apex ကတည်းက Apex series တွေဟာ အထူးခြားဆုံး အသွင်ဆောင်ခဲ့တာပါ။၂၀၁၉ မော်ဒယ် Vivo Apex မှာလည်း နည်းပညာ ၊ ဒီဇိုင်း အကုန် အသစ်ဖြစ်နေပါတယ်။

         မျက်နှာပြင် ၆.၃၉ လက်မရှိတဲ့ ဒီဖုန်းဟာ in-display fingerprint သုံးနိုင်စေမယ့် Super AMOLED display နဲ့လာပါတယ်။ လုံခြုံရေးနည်းပညာထဲမှာ ထူးခြားတာက in-display လက်ဗွေစနစ်ထဲမှာ နောက်ဆုံးပေါ် အဆင့်မြင့်ဆုံးစနစ်ကို သုံးထားတာ ဖြစ်ပြီး screen ပေါ်က ဘယ်နေရာကိုမဆို လက်ဗွေနဲ့ဖွင့်လို့ရတာပါ။ Vivo ကတော့ ဒီနည်းပညာကို Full-Display Fingerprint scanning လို့နာမည်ပေးထားပါတယ်။



         ခလုတ်မပါတဲ့ ဖုန်းဖြစ်လို့Vivo Apex 2019 ကို ကြည့်မယ်ဆိုရင် ပါဝါ/volum ခလုတ်တွေ့ရမှာ မဟုတ်ပါဘူး။ ခလုတ်တွေနေရာမှာ ဖိအားသိနိုင်တဲ့ ကိုယ်ထည် ၃ ခု ပါလာပါတယ်။ စပီကာကို Mi Mix စတိုင် piezoelectric transducer လို့ခေါ်တဲ့ display အောက်ကနေ အသံထွက်တဲ့ စနစ်ကို သုံးထားပါတယ်။ ဒီဖုန်းမှာ ရေစိုခံနှုန်း IP rating ဘယ်လောက် ရှိသလဲ မသိရသေးပေမယ့် ရေစိုခံဖုန်းဖြစ်ဖို့များပါတယ်။

         processor အနေနဲ့5G modem ပါတဲ့ Snapdragon 855 SoC ပါလာလို့ဒီဖုန်းဟာ 5G ရှေ့ပြေးနမူနာဖုန်းဖြစ်ဖို့ရှိပါတယ်။ ရှေ့ဘက်မှာ ကင်မရာကို မတွေ့ရတာကြောင့် pop-up slider ကင်မရာစနစ်ပဲ သုံးမလား ၊ ဖြုတ်ပဲ သွားမလားမသိရသေးပေမယ့် ကျောဘက်မှာပဲ 12MP+13MP ကင်မရာနှစ်လုံးတွဲ စနစ်မြင်ရပါတယ်။ တစ်ခြား specs အနေနဲ့RAM 12GB အထိ သုံးထားပြီး storage ကို 256GB နဲ့512GB ဆိုပြီး နှစ်မျိုး မိတ်ဆက်သွားမှာပါ။

         

Photo: xda-developers


         ဘေဂျင်းမှာ ဒီဖုန်းကို မိတ်ဆက်ခဲ့ပေမယ့် သိထားရမှာက Apex တွေဟာ concept ဖုန်းဖြစ်လို့လူသုံးကုန်အဖြစ် ထုတ်လုပ်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုမျိုး ဖုန်းတွေကိုတော့ Vivo ဟာ ဈေးကွက်မှာ မိတ်ဆက်မှာ သေချာပါယ်။ နောက်တစ်ခုက MWC 2019 မှာရော ဒီဖုန်းကို ထပ်မြင်ရမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က