flagship ဖုန်း ဖြစ်ရဲ့လား

     မြန်မာပြည်ဈေးကွက်ထဲ ရောက်လာမှာ မဟုတ်တဲ့ Honor ရဲ့ flagship မော်ဒယ်သစ်ကို Hands-on အနေနဲ့တစ်ပတ်လောက် ကိုင်သုံးကြည့်ခွင့် ကြုံခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ Honor Magic 2 မှာ ဘာတွေ ထူးခြားလဲ ။ ဘယ်အပိုင်းမှာ အားနည်းချက် ရှိသလဲဆိုတာကို တွေ့ရသလောက် ပြောပြသွားမှာပါ။


(၁) Honor Magic 2 ဘာလဲ


         အရင်ဆုံး ပြောချင်တာက Honor Magic 2 ဟာ Honor ရဲ့ တစ်ခြား flagship တွေနဲ့အတော်လေးကို ကွဲပြားတဲ့ ဖုန်းဆိုတာပါပဲ။ ၂၀၁၆ နှစ်ကုန်က Honor Magic ကို စပြီး မိတ်ဆက်ကတည်းက Honor Magic တွေဟာ ထူးခြားကွဲလွဲတဲ့ ပင်ကိုယ်ဟန်နဲ့လာခဲ့ပြီး နောက်နှစ်နှစ်အကြာ ၂၀၁၈ နိုဝင်ဘာမှာ ဒုတိယမြောက် Magic 2 ကို ကြေညာခဲ့ချိန်မှာလည်း ဆန်းသစ်တဲ့ ပင်ကိုယ်ဟန်သစ် ပါလာခဲ့တာ တွေ့ရပါတယ်။


(၂) Design & Display


         ဒီဇိုင်းပိုင်းမှာ Honor Magic 2 ဟာ လက်ရှိဈေးကွက်ထဲ ရောက်နေတဲ့ ဖုန်းတွေထဲမှာ ဆွဲဆောင်မှုအကောင်းဆုံးလို့ပြောနိုင်ပါတယ်။ ဒီဖုန်းထက် တစ်လလောက် စောပြီး ဈေးကွက်မှာ မိတ်ဆက်သွားတဲ့ Xiaomi Mi Mix 3 လိုမျိုး လက်နဲ့တွန်းပြီး ရှေ့ကင်မရာ ထုတ်နိုင်တဲ့ slider camera စနစ်ပါလာပါတယ်။ ပြောစရာတစ်ခုက Honor Magic 2 ဟာ ၂၀၁၈ သြဂုတ် ၃၀ ရက်နေ့က ဂျာမဏီနိုင်ငံ ဘာလင်မှာ ကျင်းပသွားတဲ့ IFA Exhibition မှာ စပြီး မိတ်ဆက်ပြသခဲ့တာ ဖြစ်လို့အောက်တိုဘာ တတိယပတ်မှာ ကြေညာသွားတဲ့ Xiaomi Mi Mix 3 ထက် စောပါတယ်။

         Slider camera စနစ်ကြောင့် ဒီဖုန်းဟာ မှန်ပြင်အပြည့်နီးပါး နေရာယူသွားတဲ့ ဖုန်းဖြစ်လာပါတယ်။ ကိုယ်ထည်အနေနဲ့ ရှေ့နောက် မှန်ကိုယ်ထည်နဲ့လာတာပါ။ display ပေါ်မှာ အုပ်ထားတဲ့ မှန်ဟာ အကြမ်းခံမှုမြင့်တဲ့ Gorilla Glass 5 ဖြစ်လို့တော်တန်ရုံ အစင်းအပွန်းဒဏ်ကတော့ အသာလေး ခံနိုင်ဖို့ရှိပါတယ်။ ဒါပေမယ့်လည်း Glass Body ဖုန်းကိုင်ရင် ရှေ့နောက် Screen Protector သုံးတာ အကောင်းဆုံးပါပဲ။

         Magic 2 ရဲ့ ဖုန်းကိုယ်ထည်ဒီဇိုင်းဟာ အတော်လေးကို Catching ဖြစ်တဲ့ ဒီဇိုင်းပါ။ ကိုယ်ထည်ကို 19.5:9 aspect လို အလျားနဲ့အနံ ဖွဲ့စည်းမှု အချိုးအစား ပြေပြစ်တာကြောင့် ကြည့်လိုက်တာနဲ့အတော်လေးကို sleek ဖြစ်နေတာတွေ့ရမှာပါ။ notchless ဖြစ်ဖို့တစ်ချို့ဖုန်းတွေမှာ pop-up တို့mechanical slider တို့သုံးနေချိန်မှာ လက်နဲ့တွန်းဖွင့်ရတဲ့ ခံစားမှုကလည်း ထူးခြားပါတယ်။

         မျက်နှာပြင် ၆.၃၉ လက်မ Full View AMOLED display ဖြစ်တဲ့ 2340x1080p ရုပ်ထွက်နဲ့လာတဲ့ ဒီဖုန်းဟာ မှန်ပြင်အောက်မှာ လက်ဗွေစနစ် သုံးထားတာကြောင့် ပရီမီယံ စမတ်ဖုန်း trend ကို ကောင်းကောင်း လိုက်မီတယ်လို့ဆိုရမှာပါ။ Honor ရဲ့ မိခင် brand ဖြစ်တဲ့ Huawei Mate 20 Pro မှာလိုပဲ Magic 2 ဟာ in-display လက်ဗွေစနစ်အပြင် Face Unlock နည်းပညာ လုံခြုံရေးပါ သုံးလာပါတယ်။

         Honor Magic 2 ဟာ ရှေ့ဘက် သုံးလုံးတွဲ ကင်မရာကို သုံးထားတဲ့ ဖုန်းဖြစ်ပြီး ဒီကင်မရာတွေဟာ အဆင့်မြင့်ပြီး ဖုန်း လော့ခ်ဖွင့်ရ ပိုပြီး လွယ်ကူစေတဲ့ high-level 3D မျက်နှာပြင်ဖတ်စနစ်အတွက် အလုပ်လုပ်ပေးနိုင်ပါတယ်။ ပြဿနာတစ်ခုက နားကြပ်ပေါက်ပါမလာတာပါပဲ။ ဒီတော့ နားကြပ်သုံးချင်တယ်ဆိုရင် wireless earbud သုံးမလား ၊ အားသွင်းပေါက်ကနေ သုံးနိုင်တဲ့ နားကြပ်ပဲ ဝယ်ရမလား စဉ်းစားရတော့မှာပါ။


(၃) Camera


         ကင်မရာ ၆ လုံး သုံးတဲ့ ခပ်ရှားရှား ဖုန်းတွေထဲမှာ Honor Magic 2 ကို ထည့်ပြောရတော့မှာပါ။ ကျောဘက်မှာ ကြည့်မယ်ဆိုရင် 16MP ultra wide lens ၊ 16MP RGB sensor နဲ့အတူ အလင်းသိပ်မရတဲ့ အချိန်မျိုးမှာ ပုံထွက်ကောင်းစေမယ့် 24MP monochrome အဖြူအမည်းကင်မရာဆိုပြီး သုံးလုံးတွဲ ကင်မရာစနစ် တွေ့ရမှာပါ။ ဒီကင်မရာတွေဟာ AIS ရုပ်ငြိမ်စနစ်ပါပြီး zoom စနစ်အနေနဲ့2x zoom mode ပါပြီး ဒီထက် zoom အမြင့်ဆွဲကြည့်ရာမှာတော့ ပုံမငြိမ်တဲ့နှုန်းက အတော်မြင့်တာ တွေ့ရပါတယ်။

      ဓါတ်ပုံရိုက်ရာမှာလည်း ပြင်ပက ပကတိ မြင်ရတဲ့ ပုံကို အများကြီးပိုကောင်းအောင် လုပ်ထားတာ တွေ့ရပါတယ်။ အလင်းအမှောင်နဲ့ကာလာ tone မှာ သဘာဝသိပ်မဆန်ပေမယ့် portrait ဆွဲတာ ၊ Night mode ရိုက်ရာမှာတော့ လေးစားစရာကောင်းနေပါတယ်။ ultra wide lens ပါတာကတော့ မြင်ကွင်းတွေ ရှုခင်းတွေ ရိုက်ရာမှာ တကယ်ကို လန်းလာပါတယ်။

         စိတ်ဝင်စားစရာက AR mode ထည့်ထားလို့3D anime ကောင်လေးတွေကို ရိုက်ရင်းနဲ့မြင်နေရမှာပါ။ နောက်ထပ်လည်း camera modes တွေ အများကြီး ပါလာပါတယ်။ ဥပမာ Light Painting တို့Artist Mode ၊ slo-mo mode ၊ အဖြူအမည်း monochrome mode နဲ့Time Lapse တို့လို ခပ်မိုက်မိုက် camera mode တွေကလည်း အကြိုက်တွေ့စရာပါ။

         Honor Magic 2 ဟာ ရှေ့ဘက်မှာ ကင်မရာ ၃ လုံးအထိ သုံးလာတဲ့ ဖုန်းဖြစ်ပြီး 16MP main camera နဲ့အတူ 2MP depth sensor ကင်မရာ နှစ်လုံး ဟာ lightning နဲ့blur effects တွေအတွက် တကယ်ကောင်းတဲ့ ရိုက်ချက်တွေ ပေးနိုင်ပါတယ်။


(၄) Performance


         Huawei ရဲ့ sub-brand အဖြစ် ထွက်လာတဲ့ high-end ဖုန်းဖြစ်လို့ Honor Magic 2 မှာလည်း အမြင့်ဆုံး processor သစ်ဖြစ်တဲ့ Hisilicon Kirin 980 processor နဲ့လာတာပါ။ octa-core CPU ဖြစ်တဲ့ ဒီ processor မှာ Cortex-A76 cores လေးခုနဲ့Cortex-A55 cores လေးခု ပါပြီး 10 core Mali-G76 Graphic chipset သုံးထားတယ်လို့ဆိုပါတယ်။

         7nm process နဲ့လာတဲ့ Kirin 980 CPU ဟာ Neural Processing Units လို့ခေါ်တဲ့ NPU နှစ်ခု သုံးထားပြီး AI လုပ်ဆောင်ချက်တွေ တနင့်ကြီး သုံးနိုင်မယ့် processor လည်း ဖြစ်ပါတယ်။ တစ်ခု ရှိတာက စမတ်ဖုန်း users အများစုဟာ AI ဆို ဓါတ်ပုံပိုင်းလောက်ပဲ သုံးတာ များတာကြောင့် ဒီ processor ရဲ့ တကယ့်အလုပ်လုပ်နိုင်စွမ်းဟာ နှမြောစရာ ဖြစ်နေပါတယ်။

         Kirin 980 SoC နဲ့အတူ RAM 6GB နဲ့8GB နှစ်မျိုး ထွက်ထားပြီး 512GB storage အထိ ထွက်ထားတယ်ဆိုပေမယ့် hands-on အနေနဲ့ကိုင်ခွင့်ရတာက 256GB မော်ဒယ်ဖြစ်ပါတယ်။ သုံးထားတဲ့ memory ပမာဏမြင့်သလို ဂိမ်းကစားသူတွေအကြိုက် ဂရပ်ဖစ်စွမ်းဆောင်ရည် မြင့်ပေးမယ့် GPU Turbo features တွေလည်း ပါတာက စမတ်ဖုန်း ဂိမ်မာတွေ အကြိုက်ဖြစ်မှာပါ။


(၅) ဘက်ထရီ ၊ ဆော့ဖ်ဝဲလ်


         Honor Magic 2 ဟာ 3500 mAh ဘက်ထရီသုံးထားတဲ့ ဖုန်းပါ။ သူ့မျက်နှာပြင်အရွယ်အစား သုံးထားတဲ့ display နဲ့ဆိုရင် အဆင်ပြေရုံလောက်ပဲ ရှိပေမယ့် USB Type C ကနေ အားသွင်းနိုင်မယ့် 40W fast charging ပါတာကြောင့် အားသွင်းရ တော်တော်လေး မြန်ပါတယ်။ Honor Magic 2 ဟာ glass body နဲ့လာတဲ့ ဖုန်းဆိုပေမယ့် wireless charging မရပါဘူး။ ဘက်ထရီ ပါဝါသုံးစွဲမှုကလည်း အကုန်မြန်တဲ့ သဘောမှာ ရှိပါတယ်။

         အင်တာနက် browsing လုပ်တာ ၊ ဂိမ်းကစားရာမှာဆို အားကုန်မြန်တာ ပိုပြီး သိသာနေပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 9 Pie ကို အခြေခံထားတဲ့ Magic UI 2.0 စနစ် နဲ့လာပြီး တရုတ်ဈေးကွက်ကို ဦးတည် ထုတ်ထားတဲ့ ဖုန်းဖြစ်လို့UI ပိုင်းမှာ သုံးရတာ တစ်မျိုးကြီး ဖြစ်နေသလို သွင်းထားတဲ့ software တွေကလည်း တရုတ်ဗားရှင်းတွေ ဖြစ်ပါတယ်။

         ကွန်ရက်ချိတ်ဆက်မှုမှာ အားရစရာတစ်ခုက တည်နေရာပြစနစ်မှာ တိကျမှုအမြင့်ဆုံးဖြစ်တဲ့ dual-band GPS စနစ် နဲ့Bluetooth 5 စနစ်များနဲ့Huawei ရဲ့ Virtual Assistant နည်းပညာ ဖြစ်တဲ့ Yoyo လည်း ပါရှိလာပါတယ်။ မှန်ကိုယ်ထည်နဲ့လာပေမယ့် wireless charging မပါတာ ၊ 3.5mm headphone jack ဖြုတ်တာကတော့ စိတ်မကောင်းစရာပါပါ။


        မြန်မာနိုင်ငံ ဈေးကွက်ထဲ Honor Magic 2 ဝင်လာဖို့မရှိပေမယ့် ဒီဖုန်းနဲ့တစ်ပုံစံတည်း flagship သစ်တစ်မျိုးကို လာမယ့် ဇွန်လထဲမှာ ကြေညာသွားမယ်လို့သတင်းထွက်နေပါတယ်။ တရုတ်ဈေးကွက်မှာတော့ အနက် ၊ အပြာနဲ့အနီကာလာ ၃ ရောင်နဲ့လာပြီး အနိမ့်ဆုံးဗားရှင်း RAM 6GB/128GB ဗားရှင်းကို ၃၇၉၉ ယွမ် (မြန်မာငွေ ၈ သိန်း ၈ သောင်းခန့်) ၊ RAM 8GB/128GB ကို ၄၂၉၉ ယွမ် (မြန်မာငွေ ၉ သိန်း၉ သောင်းခွဲ) နဲ့RAM 8GB/256GB ဗားရှင်းကို ၄၇၉၉ ယွမ် (မြန်မာငွေ ၁၁ သိန်းကျော်) ဈေးတွေနဲ့ရောင်းချနေတာပါ။

         Local ဈေးကွက်မှာ Honor Magic 2 ရဲ့ ကိုယ်ပွားဟာ ဘယ်လိုဈေးနှုန်းနဲ့ဘယ်လို features တွေ သုံးပြီး ပွဲထုတ်လာမလဲဆိုတာ စောင့်ကြည်ရမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က