ပြည်တွင်းပြည်ပ အိုင်တီပွဲတွေထဲက ရွေးထုတ်လိုက်တာပါ

တစ်နှစ်တာခရီးကတော့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဖုန်းအသစ်တွေ ထွက်ခဲ့ ၊ နည်းပညာအသစ်တွေ မိတ်ဆက်ခဲ့ အိုင်တီကုမ္ပဏီတွေ အတက်အကျရှိခဲ့တာ တစ်နှစ်တစ်ဝါတော့ ကျွတ်သွားပြီလို့ဆိုရမှာပါ။ ၂၀၁၈ အတွင်း ကမ္ဘာတစ်လွှားမှာ နည်းပညာပွဲ ရာပေါင်းများစွာ လုပ်ခဲ့ပေမယ့် တကယ်အရေးပါ အရာရောက်ပြီး ထင်ရှားခဲ့တဲ့ ပွဲက သိပ်များများ စားစား မရှိပါဘူး။


(၁) ဇန်နဝါရီ

         ဒီလအတွက် အရေးကြီးဆုံး အိုင်တီပွဲက လာ့စ်ဗီးဂတ်စ်မှာ နှစ်စဉ်ကျင်းပနေကျ Consumer Electronics Show ပါ။ ဒီနှစ် CES 2018 မှာ ဖုန်းနဲ့လက်ပ်တော့ နှစ်ခုတွဲ ပါလာတဲ့ Razer ရဲ့ Project Linda ၊ ကမ္ဘာ့ပထမဆုံး မှန်ပြင်အောက်လက်ဗွေပါလာတဲ့ Vivo ဖုန်း ၊ တစ်စစီ စိတ်ကြိုက် ပြန်ဆင်နိုင်တဲ့ modular smartwatch ၊ လိပ်ပြီး သိမ်းထားလို့ရတဲ့ LG OLED TV နဲ့ဖုန်းမလိုတဲ့ standalone VR Headset တို့က စိတ်ဝင်စားစရာ အကောင်းဆုံး ထုတ်ကုန်တွေ ဖြစ်ခဲ့ပါတယ်။

         မြန်မာနိုင်ငံမှာတော့ ဇန်နဝါရီ ၂၇-၂၈ ရက်များက ကမ္ဘာ့ Barcamp သမိုင်းမှာ အစဉ်အလာကြီးမားခဲ့တဲ့ BarCamp Yangon 2018 ပွဲကို နဝမအကြိမ်အဖြစ် ကျင်းပသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ လူပေါင်း ၅၈၀၀ ကျော် တက်ရောက်ဖို့စာရင်းပေးသွင်းခဲ့ပါတယ်။


(၂) ဖေဖော်ဝါရီ

Photo:Digital Trends

         အစဉ်အလာကြီးတဲ့ စမတ်ဖုန်းသစ် မိတ်ဆက်ပွဲ MWC (Mobile World Congress) ကို ဒီနှစ် ဖေဖော်ဝါရီ ၂၆ ရက်ကနေ မတ်လ ၁ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက ဖုန်းတွေ မိတ်ဆက်သွားတဲ့ ဒီပွဲမှာ ZTE gaming phone ၊ pop-up ဆယ်လ်ဖီကင်မရာသုံး Vivo APEX ၊ dual cameras နဲ့Samsung Galaxy S9 Plus ၊ Alcatel ရဲ့ ကမ္ဘာ့ပထမဆုံး Android Go ဖုန်း စတဲ့ ဖုန်းသစ်တွေ ကြေငြာသွားပါတယ်။

         


(၃) မတ် ၊ ဧပြီ


         ဒီလတွေမှာတော့ ထူးခြားတဲ့ နိုင်ငံတကာ အိုင်တီပွဲ မရှိခဲ့ပါဘူး။


(၄) မေ

Photo: Mashable

         Facebook ရဲ့ နာမည်ကြီး F8 Developer Conference ပွဲကို မေလ ၁ ရက်နဲ့၂ ရက်တို့မှာ ကျင်းပခဲ့ပြီး လူမှုကွန်ရက်ကနေ ရည်းစား ရှာပေးမယ့် FaceDate ၊ Oculus Go VR headset ၊ WhatsApp ၊ Instagram နဲ့Messenger တို့ရဲ့ features သစ်များကို မိတ်ဆက်သွားခဲ့ပါတယ်။

         မေလထဲမှာပဲ Google I/O 2018 ပွဲ ကျင်းပသွားခဲ့ပြီး Android P ဆော့ဖ်ဝဲလ်သစ် ၊ အသံသစ် ၆ မျိုးနဲ့လူအတိုင်း စေခိုင်းနိုင်မယ့် Google Assistant ၊ features သစ်တွေ ပါဝင်လာတဲ့ Google Maps အပြင် တစ်ခြား စိတ်ဝင်စားဖွယ် နောက်ဆုံးပေါ် နည်းပညာသစ်များကို ချပြခဲ့ပါတယ်။


(၅) ဇွန်

Photo: TNW

         ဇွန်လ ၄ ရက်နေ့မှာ Apple ဟာ WWDC 2018 ပွဲကို မိတ်ဆက်ခဲ့ပါတယ်။ ဒီပွဲမှာ privacy ပိုင်း ဦးစားပေးလာတဲ့ iOS 12 ၊ watchOS 5 ၊ tvOS 12 နဲ့MacOS Mojave တို့ကို ကြေငြာခဲ့ပါတယ်။ ဒီလထဲမှာပဲ ထိုင်ဝမ်မှာ Computex 2018 ပွဲကျင်းပသွားပြီး ASUS ROG gaming ဖုန်းအပါအဝင် အိုင်တီပစ္စည်းအဆန်းတွေ မိတ်ဆက်သွားခဲ့ပါတယ်။


(၆) ဇူလိုင်

Photo: Duwun Tech

         ဇူလိုင်လထဲမှာ ပြည်တွင်းရဲ့ ပထမဆုံး နဲ့အကြီးဆုံး အီလက်ထရောနစ် ဂိမ်းပြိုင်ပွဲ ဖြစ်တဲ့ HOGCon 2018 ကို ကျင်းပခဲ့ပြီး စုစုပေါင်း ကျပ် ၆၇ သိန်းတန်ဆုကြေးများ ပေးခဲ့ပါတယ်။


(၇) သြဂုတ် ၊ စက်တင်ဘာ

Photo: ChannelSight

         သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာ ၅ ရက်နေ့မှာ IFA စက်မှုပြပွဲကျင်းပခဲ့ပြီး Acer ရဲ့ Gaming ထိုင်ခုံ ၊ Huawei ရဲ့ Kirin 980 SoC သစ် ၊ Samsung ၈၅ လက်မ 8K OLED TV တို့ကို မိတ်ဆက်ပြသသွားပါတယ်။ စက်တင်ဘာမှာပဲ ပုံမှန်မိတ်ဆက်နေကျ iPhone သစ်တွေ ကြေငြာခဲ့ပါတယ်။


(၈) အောက်တိုဘာ

Photo: 9to5Mac

         ဒီလမှာ Google ဟာ Pixel 3/3XL ဖုန်း ၊ Duplex AI voice call စနစ် ၊ Pixel Slate တက်ဘလက်သစ် နဲ့Google Home Hub တို့ပြသခဲ့ပါတယ်။ အောက်တိုဘာလကုန်ပိုင်းမှာ Apple ဟာ ၁၁ လက်မနဲ့၁၂.၉ လက်မ iPad Pro သစ်များ ၊ ဒုတိယမျိုးဆက် Apple Pencil ၊ Retina Display နဲ့လာတဲ့ MacBook Air သစ် တို့ကို မိတ်ဆက်ကြေငြာခဲ့ပါတယ်။


(၉) နိုဝင်ဘာ

Photo: Duwun Tech

         နိုင်ငံတကာပွဲတွေ သိပ်မရှိတဲ့ လပါ။ မြန်မာနိုင်ငံမှာတော့ Alibaba ဟာ နိုဝင်ဘာ ၁၁ ရက် အွန်လိုင်းဈေးပွဲတော်ကို ပထမဆုံး ကျင်းပခဲ့ပါတယ်။ ဒီလထဲမှာပဲ ဆုကြေးငွေ သိန်း ၈၀ အထိ ပေးမယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံး PUBG eSport ပွဲကို ကြေငြာခဲ့ပါတယ်။

         နောက်တစ်ခုကတော့ နေပြည်တော်မှာ တတိယအကြိမ်မြောက် e-Government conference and ICT Exhibition 2018 ပွဲ ကျင်းပဖြစ်ပါတယ်။


(၁၀) ဒီဇင်ဘာ

Photo: Duwun Tech

         UNDP နဲ့Ooredoo တို့ပူးတွဲ ကျင်းပခဲ့တဲ့ Hackathon 2018 မှာ အနိုင်ရတဲ့ အဖွဲ့၃ ဖွဲ့ကို ဆုပေးခဲ့ပါတယ်။ ဒီလ ၁၈ ၊ ၁၉ နှစ်ရက်မှာ ဒုတိယအကြိမ် NetCon 2018 ပွဲ ကျင်းပသွားမှာပါ။ Huawei နဲ့Game Cast Network Myanmar တို့ပူးပေါင်းပြီး ဒေါ်လာ ၅၀၀၀ ဆုကြေးပေးမယ့် PUBG Mobile ဂိမ်းပြိုင်ပွဲကိုလည်း ဒီလမှာပဲ ကျင်းပသွားမယ်လို့ကြေငြာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က