Classic နဲ့ Fashion ဆိုပြီး လက်ပတ်ကြိုးဒီဇိုင်း နှစ်မျိုး ထွက်ထားပါတယ်
Nyein Min Wai

Realme ရဲ့ ပထမဆုံး စမတ်နာရီဖြစ်တဲ့ Realme Watch တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

ဒီနေ့မှာ Realme ဟာ X50 Pro Player Edition ၊ Buds Q နဲ့ Buds Air Neo TWS နားကြပ် စတဲ့ ထုတ်ကုန်သစ်တွေကို တရုတ်မှာ မိတ်ဆက်သွားပါတယ်။ အိန္ဒိယဈေးကွက်မှာဆို ပထမဆုံး စမတ်တီဗွီနဲ့ စမတ်နာရီတွေ ဖြစ်တဲ့ Realme TV နဲ့ Realme Watch တို့ကို ကြေညာသွားပါတယ်။

Photo: GSMArena


Realme Watch ဟာ ပြီးခဲ့တဲ့ မတ်လက မိတ်ဆက်သွားတဲ့ Realme Band ပြီးရင် ဒုတိယမြောက် Wearable ထုတ်ကုန်ဖြစ်ပါတယ်။ မျက်နှာပြင် ၁.၄ လက်မ Color display ရဲ့ အပေါ်မှာ အကြမ်းခံ Gorilla Glass 3 အုပ်ထားပါတယ်။ brightness nits 380 နဲ့ တောက်ပမှု level ကို ၁၀ မျိုး ပြန်ချိန်ညှိနိုင်ပါတယ်။ Realme Watch ဟာ အချိန် ၊ နေ့ရက် ၊ ရာသီဥတု ၊ ခြေလှမ်းအရေအတွက် ၊ နှလုံးခုန်နှုန်းနဲ့ ကယ်လိုရီလောင်ကျွမ်းမှု စသည်ဖြင့် Watch Face ပေါင်း ၁၂ မျိုး ပြနိုင်ပါတယ်။

ကိုယ့်စိတ်ကြိုက် Watch Face ကို Realme Link app ကနေ ရယူနိုင်ပါတယ်။ Realme ကတော့ နောက်ပိုင်း OTA update ကနေ Watch Faces သစ်ပေါင်း ၁၀၀ အထိ ထပ်ထည့်သွားမယ်လို့ ဆိုပါတယ်။ Realme Band လိုပဲ နှလုံးခုန်နှုန်း ကြည့်တဲ့ စနစ် ပါရှိပြီး Goodix က ထောက်ပံ့ပေးတဲ့ နှလုံးခုန်နှုန်း တိုင်းတာတဲ့ PPG sensor နဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာနိုင်မယ့် SpO2 monitor တစ်ခု ပါရှိပါတယ်။

စမတ်နာရီ ဖြစ်တဲ့ အတိုင်း ကြက်တောင်ရိုက် ၊ ပြေးစက်ပေါ် အပြေးလေ့ကျင့်မှု ၊ စားပွဲတင် တင်းနစ်စတဲ့ Sports Modes ပေါင်း ၁၄ မျိုး ထည့်ပေးထားပါတယ်။ နောက်ထပ် features သစ်တွေအနေနဲ့ စမတ်နာရီကို ကင်မရာ shutter ခလုတ်တစ်ခုလို အလုပ်လုပ်နိုင်မယ့် Camera Control နဲ့ သီချင်းဖွင့်/ပိတ် နဲ့ အသံ တိုး/လျှော့ လုပ်နိုင်မယ့် Music Control စနစ်တို့ ပါရှိပါတယ်။


Photo: NDTV Gadgets 360

Realme Watch မှာ Smart Notis များ ၊ ရေသောက်ဖို့ သတိပေးစနစ် ၊ အိပ်စက်မှု စောင့်ကြည့်နည်းပညာ နဲ့ တရားထိုင်စိတ်ဖြေလျှော့မှုစနစ်များ ပါဝင်ပြီး ရေစို/ဖုန်တင်မှုဒဏ်ကိုလည်း IP68 rating နဲ့ ခံနိုင်ရည် ရှိမယ်လို့ ဆိုပါတယ်။ ဘက်ထရီပါဝါ 160mAh ဖြစ်ပြီး နှလုံးခုန်စောင့်ကြည့်စနစ် ဖွင့်ထားမယ်ဆိုရင် ၇ ရက်အထိ အသုံးခံမှာ ဖြစ်ပါတယ်။ 

လက်ပတ်ကြိုးဒီဇိုင်းအနေနဲ့ Classic Strap နဲ့ fashion Strap ဆိုပြီး နှစ်မျိုး လာပါတယ်။ Classic Strap ဒီဇိုင်းဟာ အနက်ရောင် ကာလာတစ်မျိုးတည်းနဲ့ ထွက်ထားပြီး ဖက်ရှင်ကြိုးမှာ အနီ ၊ အပြာနဲ့ အစိမ်းကာလာတွေနဲ့ ဝယ်ယူနိုင်မှာပါ။ ဈေးနှုန်းအနေနဲ့ ၃၉၉၉ ရူပီး (မြန်မာငွေ ၇ သောင်းခွဲဝန်းကျင်) ဖြစ်ပြီး ဇွန်လ ၅ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က