Huawei ကုမ္ပဏီကို တည်ထောင်သူ ရန့်ကျန့်ဖေးရဲ့ စီမံခန့်ခွဲမှု ဒဿနတွေ၊ ကုမ္ပဏီက စွဲစွဲမြဲမြဲ လက်ကိုင်ထားတဲ့ မူဝါဒတွေကို ဒီစာအုပ်ထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

“Huawei လို လှေငယ်လေးက ဧရာမ ပင်လယ်ကူသင်္ဘောကြီး မည်သို့ ဖြစ်သွားရပါသနည်း”။

ဒီစာပိုဒ်လေးကို Huawei, Leadership, Culture and Connectivity စာအုပ်ထဲက နိဒါန်းအခန်း စာမျက်နှာ-၅၄ မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။




တစ်ကမ္ဘာလုံးကလည်း Huawei နဲ့ပတ်သက်ပြီး ဒီမေးခွန်းရှိနေလိမ့်မယ်လို့ ယူဆရပါတယ်။ နှစ်ပေါင်း သုံးဆယ်ခန့်အတွင်းမှာ ပုဂ္ဂလိက နည်းပညာကုမ္ပဏီ တစ်ခုက အရှိန်အဟုန်ပြင်းစွာ ကမ္ဘာ့နည်းပညာနဲ့ ဆက်သွယ်ရေး နယ်ပယ်ကို ကိုင်လှုပ်ပစ်နိုင်ခဲ့ပြီး ဒီနေ့အထိ အရှိန်အဟုန် ပြင်းပြင်းနဲ့ Huawei က မောင်းနှင်နေလို့ ဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာမှာ Huawei ဟာ ထိပ်တန်းဆက်သွယ်ရေးကွန်ရက် ကုမ္ပဏီတစ်ခု ဖြစ်နေပါပြီ။

Photo: Huawei Myanmar Facebook


The Huawei Story သို့မဟုတ် Huawei Leadership, Culture, and Connectivity ဆိုတဲ့ ဒီစာအုပ်ကို ထျန်တောင်၊ ဒေးဗစ် ခရေမာနဲ့ ဝူချန်းဘို တို့သုံးဦးကနှစ်အတော်ကြာ သုတေသနပြုလုပ်၊ အချက်အလက်စုဆောင်းပြီး ရေးသားပြုစုခဲ့တာ ဖြစ်ပါတယ်။ 

ယနေ့ အနောက်တိုင်းရဲ့ နည်းပညာကြီးစိုးထားမှုကို ခြိမ်းခြောက်လာနေတဲ့ Huawei ကုမ္ပဏီကို တည်ထောင်သူ ရန့်ကျန့်ဖေးရဲ့ စီမံခန့်ခွဲမှု ဒဿနတွေ၊ ကုမ္ပဏီက စွဲစွဲမြဲမြဲ လက်ကိုင်ထားတဲ့ မူဝါဒတွေကို ဒီစာအုပ်ထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 

တစ်ခု သတိထားရမှာက ဒီစာအုပ်ဟာ စိတ်ဓာတ်မြှင့်တင်ရေး စာအုပ်တော့ မဟုတ်ပါဘူး။ အဓိက အချက်အနေနဲ့ ကုမ္ပဏီ တည်ထောင်သူ ရန့်ကျန့်ဖေးရဲ့ အတွေးအခေါ်တွေနဲ့ ဒီကုမ္ပဏီရဲ့ အတွင်းပိုင်း အမူအကျင့်တွေကို ပြတ်ပြတ်သားသား မြင်နိုင်အောင် စာ‌ရေးသူတွေက ချဉ်းကပ်ပေးထားတာ ဖြစ်ပါတယ်။


Huawei ရဲ့ လျှို့ဝှက်အစွမ်း

“Huawei ၏ အောင်မြင်မှု နောက်ကွယ်မှ လျှို့ဝှက်အစွမ်း” ဆိုပြီးမိတ်ဆက်အခန်းမှာ ခေါင်းစဉ် တပ်ထားပါတယ်။ “တရုတ်၏ တိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးသည် ဤကုမ္ပဏီအောင်မြင်မှုတွင် အချက်အချာကျသည်။ ပတ်ဝန်းကျင် အခြေအနေက အခွင့်အလမ်းမပေးလျှင် Huawei သည်လည်း ကိုယ်ထူးကိုယ်ချွန်အောင်မြင်နိုင်မည် မဟုတ်သောကြောင့်ပင်” လို့ ဒီအခန်းမှာ ရေးသားပါတယ်။

နိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှု‌ရေစီးကို အသုံးချပြီး ကုမ္ပဏီ အောင်မြင်အောင် ကြိုးပမ်းနိုင်ခဲ့တာတွေကိုလည်း စာရေးသူတွေက ထောက်ပြထားပါတယ်။ အရေးကြီးပေမယ့် အများစု မေ့လျော့နေတတ်တဲ့ အချက်တစ်ခုလို့ ကျွန်တော်တို့ ဆိုနိုင်ပါတယ်။ စိတ်ကူးအကြံဉာဏ်တွေ ဘယ်လောက်ရှိရှိ ပေးလာတဲ့ အခွင့်အရေးနဲ့ အခြေနေတွေကလည်း အနာဂတ်အောင်မြင်မှုအတွက် အရေးကြီးတာကို ဒီအခန်းမှာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Photo: NDSP Books Facebook


ဘာတွေ ဖတ်ရမလဲ

စာရေးသူတွေ ဒီစာအုပ်မှာ အဓိက ချဉ်းကပ်ရေးသားထားကတော့ တည်ထောင်သူ ရန့်ကျန့်ဖေးရဲ့ အမြော်အမြင်၊ စီမံခန့်ခွဲမှု ဒဿနနဲ့ ကုမ္ပဏီ တစ်ခုလုံးရဲ့ ပင်မခံယူချက်တွေ ဖြစ်ပါတယ်။ ဒါတွေကပဲ Huawei ရဲ့ အောင်မြင်မှုမှာ အဓိက အခရာ ကျခဲ့တာလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဖွင့်အခန်းမှာပဲ Huawei အကြောင်းကို နောကျေသူ မရှိဘူးရယ်လို့ စာရေးသူ ထျန်တောင်က ရေးသားထားတာက စာဖတ်သူတွေကို ရှေ့ဆက်ဖတ်ဖို့ ပိုမို ဆွဲဆောင်မှု ဖြစ်သွားစေတယ်လို့ ခံစားရပါတယ်။

Huawei ရဲ့ အောင်မြင်လာမှု သော့ချက်တွေနဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ခဲ့သလဲဆိုတာတွေကို စာရေးသူတွေက အဓိက အခန်း (၉) ခန်းနဲ့ ဖွဲ့စည်းထားတာ တွေ့ရပါတယ်။

၁။ သာမန်အသိဉာဏ်နှင့် အမှန်တရား - ‌ဈေးဝယ်သူသာ အခရာ

၂။ စီးပွားရေး၏ ဝိညာဉ်။ စိတ်နှစ်မှုသည် အောင်မြင်မှု၏ အဓိက သော့ချက်

၃။ ပွင့်လင်းမှု။ ‌သေရေးရှင်ရေးတမျှ

၄။ အပေးအယူ ညှိနှိုင်းခြင်း တောတွင်းဥပဒေသ

၅။ မီးခိုးရောင် သဘောတရား။ အလိုဆန္ဒကို မီးထိုးပေးခြင်းနှင့် ထိန်းချုပ်ခြင်း

၆။ မိမိကိုယ်မိမိ ဝေဖန်ရေးစွမ်းရည် ထက်မြက်မှုသည် အဖွဲ့အစည်းအတစ်ခု၏ စိတ်ဓာတ်ပင် ဖြစ်သည်

၇။ အပြောင်းအလဲ ဟူသည် (၁) ကန့်သတ်မှု ခုနှစ်ခုနှင့် အရိပ်လက္ခဏာ ရှစ်ခု

၈။ ပြောင်းလဲရေး (၂)၊ အရေးကြီးသော ရည်ရွယ်ချက်များ

၉။ Huawei ၏ ခေါင်းဆောင်မှု သြဇာအာဏာနှင့် လွှမ်းမိုးမှု၊ အနှစ်သာရနှင့် အသုံးချခြင်း

စတဲ့အခန်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။

 အခန်း (၂) မှာ ပါဝင်တဲ့ အချက်အလက်တွေထဲက စျေးဝယ်သူသာ အခရာ ဆိုတဲ့အချက်ကို ရှင်းပြထားတာမှာလည်း အများစု လက်ခံထားသလို မဟုတ်ဘူးဆိုတာ တွေ့ရပါတယ်။


Huawei ရဲ့ ယုံကြည်ချက် ဖြစ်တဲ့ ဖောက်သည်တွေသည်သာ အခရာဆိုတဲ့နေရာမှာ ဖောက်သည်တွေကို ဦးညွတ်တာမျိုးမဟုတ်ဘဲ အလုပ်ကို သစ္စာရှိတာ၊ ဖောက်သည်တွေ လိုအပ်ချက်ကို ကောင်းကောင်း နားလည်ပေးနိုင်တာမျိုးတွေ လို့ တွေ့ရပါတယ်။ ဒီအချက်တွေဟာ စွန့်ဦးတီထွင်သမားတွေ၊ ပရော်ဖက်ရှင်နယ် လုပ်ငန်းခွင်ထဲက လူငယ်တွေအတွက် လေ့လာဖို့ တန်ဖိုးရှိတဲ့အချက်တွေလို့ ဆိုနိုင်ပါတယ်။


ကုမ္ပဏီ ပြုပြင်ပြောင်းလဲ‌ရေး သော့ချက်

Huawei ကုမ္ပဏီအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ရာမှာ အားလုံး လိုက်နာရမယ့် ကန့်သတ်ချက် ခုနှစ်ခု ကိုလည်း အခန်းနံပတ် (၇) မှာ တွေ့နိုင်ပါတယ်။

ကုမ္ပဏီအနေနဲ့ ပြုပြင်ပြောင်းလဲ တိုးတက်ချင်တယ်ဆိုရင်

၁။ ခရေစေ့တွင်းကျ လိုက်မှု

၂။ မလိုရာ အသေးစိတ်ခြင်း

၃။ မျက်ကန်း ဆန်းသစ်ပြောင်းလဲခြင်း

စတဲ့အချက်တွေအပါအဝင် အချက် (၇) ချက်ကို ရှောင်ရှားဖို့ ကြိုးစားခဲ့ကြကြောင်း စာအုပ်ထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။


ဘယ်သူတွေ ဖတ်သင့်လဲ

မြန်မာပြန်စာအုပ်မှာ အမှာစာ ရေးသားပေးထားတဲ့ ဆရာကြီးဒေါက်တာအောင်ထွန်းသက်က

ဒီစာအုပ်ကို စီးပွားရေးစီမံခန့်ခွဲမှု ကျောင်းတွေမှာ ပြဌာန်းစာအနေနဲ့ သုံးဖို့‌လည်း ထောက်ခံပါတယ်” လို့ ရေးသားထားပါတယ်။ လက်ရှိ လုပ်ငန်းခွင် ဝင်နေတဲ့ ပရော်ဖက်ရှင်နယ် လူငယ်တွေ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ အားလုံး ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ ညွှန်းရမှာ ဖြစ်ပါတယ်။

အထက်မှာ ပြောခဲ့သလို စိတ်ဓာတ်မြှင့်တင်ရေး ဆိုတာထက် လူငယ်တွေ သင်ခန်းစာ ယူနိုင်တဲ့ အကြောင်းအရာတွေ ဒီစာအုပ်ထဲမှာ များစွာ ပါဝင်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုမှာ ယဉ်ကျေးမှု အမူအကျင့်တွေနဲ့ စီမံခန့်ခွဲမှု ဒဿနက ဘယ်လောက်အရေးကြီးသလဲ ဆိုတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

တိုးတက်နေတဲ့ နည်းပညာတွေကို အမီလိုက်ရုံသာမက၊ အနာဂတ်မှာ ဘာဖြစ်လာနိုင်မလဲ မှန်းဆပြီး လုပ်ကိုင်ရတဲ့ နည်းပညာကုမ္ပဏီတွေမှာလည်း စီးပွားရေးစီမံခန့်ခွဲမှုက နည်းပညာရှိမှုထက် မလျော့တဲ့ အရေးပါမှုတွေ ရှိတယ်ဆိုတာကို ပြတ်ပြတ်သားသား မြင်နိုင်မှာ ဖြစ်ပါတယ်။

Photo: Huawei Myanmar Facebook

စာရေးသူတွေနဲ့ သုတေသန အဖွဲ့တွေဟာ ရာနဲ့ချီတဲ့ Huawei ဝန်ထမ်းတွေကို သီးသန့်တွေ့ဆုံ မေးမြန်းပြီး အချက်အလက်တွေ ရယူခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ မူလစာအုပ်ကို ပြန်လည်ပြုပြင် မွမ်းမံဖို့အတွက် Huawei ဝန်ထမ်းတွေနဲ့ တွေ့ဆုံမေးမြန်းဖို့ တစ်ခုတည်းအတွက်တင် အချိန် ၁၉ လကြာ ယူခဲ့တာ ဖြစ်ပါတယ်။

အဆုံးသတ်မှာတော့ အချက်အလက်အသစ်တွေနဲ့ ချဉ်းကပ်ပုံ ကွာခြားသွားတဲ့ ယခုစာအုပ်ထွက်ရှိလာတာပါ။

စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး နယ်ပယ်အသီးသီးမှာ ရှိနေတဲ့၊ ဝင်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေ အတွက် တစ်ခန်းချင်းစီတိုင်းမှာ ပါရှိတဲ့ အကြောင်းအရာတွေကနေ သင်ခန်းနဲ့ စိတ်ကူးစိတ်သန်း အသစ်တွေဖို့ ရလိမ့်မယ်လို့ ဆိုနိုင်ပါတယ်။


မှာယူချင်တယ်ဆိုရင်တော့ We Distribution ရဲ့ Messenger Bot ကနေ အိမ်အရောက်ပို့စနစ်နဲ့ မှာယူနိုင်မှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က