အင်တာနက် 2G , 3G နဲ့ 4G ကွန်ရက်မရှိချိန်မှာတောင် အချင်းချင်းဆက်သွယ် စာပို့နိုင်မယ့် Walkie-Talkie Apps တွေအကြောင်း မျှဝေပေးလိုက်ပါတယ်။
ဒီ app တွေဟာ အင်တာနက်ချိတ်ဆက်မှု မလိုဘဲ မီတာ ၁၀၀ ကနေ ၂၀၀ (ပေ ၃၂၀၀ ကျော်ကနေ ပေ ၆၅၀ ကျော် ) အကြား အကွာအဝေးအတွင်းမှာ ရှိသူအချင်းချင်းကို ဆက်သွယ်ပေးနိုင်မှာပါ။ WiFi ဒါမှမဟုတ် Bluetooth ကနေ တစ်ဆင့် လျှို့ဝှက်ထားတဲ့ အချက်အလက်တွေကို အချင်းချင်း ပေးပို့မျှဝေနိုင်မှာ ဖြစ်ပါတယ်။ WhatsApp ၊ WeChat နဲ့ Messenger တို့လို ဗဟိုဆာဗာ central server မထားဘဲ Bluetooth မိရာ အဝန်းအဝိုင်းထဲက နီးစပ်ရာ သုံးစွဲသူအချင်းချင်း P2P (Peer to Peer) တိုက်ရိုက်ဆက်သွယ်နိုင်မှာပါ။
Walkie Talkie လိုမျိုး အလုပ်လုပ်တာဖြစ်ပြီး အသုံးပြုသူတစ်ဦးကနေ သူနဲ့ နီးစပ်ရာမီတာ ၁၀၀/၂၀၀ ပတ်လည်အတွင်းက တခြားသူတွေကို အချက်အလက်မျှဝေတာ ၊ Chat ထိုင်တာမျိုး လုပ်နိုင်ပြီး အဲဒီလူကနေ တစ်ဆင့် နောက်ထပ်လူတွေဆီ အဆင့်ဆင့် ချိတ်ဆက်ပြီး ဆက်သွယ်သွားမှာ ဖြစ်ပါတယ်။ အင်တာနက် မရှိချိန်မှာ လက်တွေ့ အသုံးတည့်မယ့် Mesh Network Apps တချို့ကို မျှဝေပေးလိုက်ပါတယ်။
(၁) Bridgefy
Photo: teknologiia
ပြီးခဲ့တဲ့နှစ် ဟောင်ကောင်ဆန္ဒပြပွဲမှာ တရုတ်ဘက်မှ အင်တာနက်ဖြတ်တောက်မှု လုပ်ချိန် ဆန္ဒပြသူတွေ သုံးခဲ့တဲ့ Offline စာပို့ App ဖြစ်ပါတယ်။ အိန္ဒိယမှာလည်း နိုင်ငံသားဖြစ်ခွင့် ဥပဒေပြန်လည်ပြင်ဆင်ရေး အက် CAA ဆန္ဒပြသူတွေအချင်းချင်း ဆက်သွယ်ရေးမှာ ဒီ App ဟာ အဓိကကျတဲ့ ဆက်သွယ်ရေး Tools ဖြစ်လာခဲ့ပါတယ်။ ပေ ၂၃၀ (၇၅ ကိုက်ခန့်) အတွင်းက သုံးစွဲသူအချင်းချင်း ဆက်သွယ်နိုင်မှာပါ။
လုံခြုံမှုရှိတဲ့ End-to-End Encrypiton မက်ဆေ့တွေကို လူတစ်ယောက်တည်းကို ဖြစ်ဖြစ် လူအများကြီးနဲ့ တပြိုင်တည်းဖြစ်ဖြစ် တိုက်ရိုက်ပို့လို့ ရပါတယ်။ အနားမှာရှိတဲ့ လူတိုင်းကို မက်ဆေ့ပို့ဖို့ဆို Broadcast mode သုံးနိုင်ပါတယ်။ Offline စာပို့ apps တွေထဲမှာ UI အကောင်းဆုံးဖြစ်ပြီး Android ရော iOSမှာပါ ဒေါင်းလိုပ်ဆွဲနိုင်မှာ ဖြစ်ပါတယ်။
(၂) Two Way: Walkie Talkie
Photo: igeeksblog
ဒီ app ကလည်း သုံးရလွယ်သလို Setup လုပ်ရတာလည်း မခက်ပါဘူး။ Setup လုပ်ဖို့အတွက် ကိုယ့်အီးမေးလ်လည်းမတောင်းသလို ဖုန်းနံပါတ်လည်း ပေးဖို့ မလိုပါဘူး။ Live Walkie-Talkie တစ်ခုလို သုံးနိုင်မှာ ဖြစ်ပြီး ကိုယ့်သူငယ်ချင်းတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ဖို့ စကားပြောနိုင်မယ့် Talk ဆိုတဲ့ ခလုတ်လေးကို နှိပ်ထားပြီး ပြောရမှာပါ။ Bridgefy လောက်တော့ မလုံခြုံပါဘူး။
Channel ဖွင့်ပြီး ပြောရတာ ဖြစ်ပြီး Walkie-Talkie ဆက်သွယ်ရေး ဖွင့်ထားတာ ဖြစ်လို့ တခြားတစ်ယောက်က လိုင်းပူးပြီး ဝင်နားထောင်လို့ရတတ်ပါတယ်။ ဒီ App ကို သဘာဝဘေးအန္တရာယ်ကြုံနေကြတဲ့ အခြေအနေမျိုးမှာ ပိတ်မိနေချိန် ဆက်သွယ်ဖို့ သုံးကြပါတယ်။ Android ဗားရှင်းရော iOS ဗားရှင်းပါ ထွက်ထားပါတယ်။
(၃) Fire Chat
Photo: geckoandfly
အင်တာနက်မရှိဘဲ စာနဲ့ပုံတွေ ပို့နိုင်မယ့် နောက်ထပ် Free Offline စာပို့ App ဖြစ်ပါတယ်။ သူ့ကွန်ရက်ကလည်း Private ဖြစ်လို့ ပို့တဲ့ မက်ဆေ့ချ်တွေ လုံခြုံပါတယ်။ Fire Chat ရဲ့ အကောင်းဆုံးအပိုင်းက Bluetooth နဲ့ WiFi ရေဒီယိုနှစ်မျိုး စလုံးမှာ လိုင်းဆွဲအားကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်တာ ဖြစ်ပါတယ်။ P2P စာပို့မှုမှာ ကိုယ့်နေရာကနေ ပေ ၂၀၀ အထိ ဆက်သွယ်နိုင်ပါတယ်။
Live Discussion အတွက်လည်း ကိုယ်ပိုင် Firechats တွေ ဖန်တီးနိုင်ပါတယ်။ ဒီGroup တွေဟာ လူပေါင်း ၁ သောင်းအထိ တပြိုင်နက်တည်း ဆွေးနွေးတာကို စုဆောင်းထားနိုင်ပါတယ်။ တစ်နိုင်ငံလုံးက လူတွေ ပြောနေတာ သိချင်ရင်လည်း Everyone mode မှာ ဝင်ကြည့်နိုင်ပါတယ်။ Free app အမျိုးအစား ဖြစ်ပြီး Android ၊ iOS နှစ်မျိုးစလုံးမှာ ရယူအသုံးပြုနိုင်မှာပါ။