startup အိုင်ဒီယာကောင်းတစ်ခုကို လူတိုင်းစားသုံးနိုင်တဲ့ သတင်းတစ်ပုဒ်လို ဖန်တီးနိုင်ခဲ့တာကိုက Hu ရဲ့အရည်အချင်းလို့ ပြောရမှာပါ။

အိုင်ဒီယာတစ်ခုက စတင်ခဲ့တဲ့ Startup တစ်ခုဟာ သုံးနှစ်အတွင်း လူသန်း ၁၅၀ ကျော်ရဲ့ လူနေမှုပုံစံကို ပြောင်းလဲစေခဲ့ပါတယ်။ ရှုံးမှာ သေချာတဲ့ စီးပွားရေးအဖြစ် ဝေဖန်ကန့်ကွက်မှုတွေအကြားကနေ စိတ်ဓါတ်ပြတ်သားတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးဟာ သူယုံကြည်ရာကို အကောင်အထည်ဖော်သွားခဲ့ပြီး နေ့ချင်းညချင်းဆိုသလို ကမ္ဘာသိစီးပွားရေးသမားတစ်ဦးအဖြစ်ကို ရောက်သွားခဲ့ပါတယ်။ 


Hu Weiwei : သတင်းကောင်းတစ်ပုဒ် ရေးတတ်သူ


၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံက နာမည်ကြီး နည်းပညာကုမ္ပဏီ Meituan-Dianping က ဒေါ်လာ ၂.၇ ဘီလျံနဲ့ ဝယ်သွားပြီးတဲ့နောက်မှာ Mobike ဆိုတဲ့ Bike-Sharing Startup ရော ဒီလုပ်ငန်းကို တည်ထောင်တဲ့ Hu Weiwei ဆိုတဲ့ အမျိုးသမီးပါ ကမ္ဘာ့ထိပ်တန်းစီးပွားရေး Cele ဖြစ်လာခဲ့တာပါ။ Mobike လုပ်ငန်း ရောင်းချမှုကနေ Hu Weiwei ရဲ့ ပိုက်ဆံအိတ်ထဲ ယွမ် ၁.၅ ဘီလျံ (ဒေါ်လာ သန်း ၂၂၀ ခန့်) ရောက်လာခဲ့သလို သူမကိုလည်း ၂၀၁၈ ထုတ် Forbes Asia မဂ္ဂဇင်းရဲ့ Emergent 25 list မှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ 




ဒီလောက် အောင်မြင်ခဲ့တဲ့ လုပ်ငန်းတစ်ခုကို မလုပ်ခင်က Hu ဟာ လစာယွမ်ဂဏန်း ၅ လုံးရ Automobile Journalist တစ်ယောက် ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကအထိ အသက် ၃၀ ကျော်အရွယ် ပိန်ပိန်ပါးပါးနဲ့ ဆွဲဆောင်မှုရှိတဲ့ ဥပဓိရုပ်ပိုင်ရှင် အမျိုးသမီးတစ်ဦးဟာ တရုတ်နိုင်ငံက နာမည်ကြီး စီးပွားရေးသတင်းစာ Daily Economic News နဲ့ The Beijing News တို့မှာ မော်တော်ကားနည်းပညာနဲ့ နည်းပညာဈေးကွက်သတင်းထောက်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ 


နိုင်ငံရဲ့ ဖွံ့ဖြိုးမှုအမြန်ဆုံး Startups တွေထဲက တစ်ခုကို ဦးဆောင်ခဲ့တဲ့ Hu အတွက်တော့ Startup တစ်ခုကို လည်ပတ်အောင် လုပ်တာဟာ အားကောင်းတဲ့ဇာတ်လမ်းတစ်ခုကို ရေးသားဖန်တီးတာနဲ့ သိပ်မကွာလှဘူးလို့ ခံယူထားသူပါ။ သူပြောခဲ့တဲ့ စကားရှိပါတယ်။

"တစ်နည်းအားဖြင့်တော့ သတင်းထောက်အားလုံးဟာ ကိုယ်ပဲ Boss ဖြစ်ကြပါတယ်။ သတင်းတစ်ပုဒ် ခေါင်းစဉ်ရွေးတာ ၊ အင်တာဗျူးလုပ်တာ ၊ သတင်းရေးသားတာ ၊ အချက်အလက်မှန်/မမှန် ဆန်းစစ်တာ ၊ ပြန်ပြီး မွမ်းမံတာ ၊ မတူတဲ့ အမြင်ကနေ ကြည့်တာ ဒါတွေ အားလုံးက အချိန်ပေးရပါတယ်။ ဒါက အင်တာနက်ထုတ်ကုန်တစ်ခုကို အချောသပ်ဖို့ အချိန်ပိုအလုပ်ဆင်းရတာနဲ့ ယှဉ်လို့ ရပါတယ်။ "တဲ့။


ပြောရရင် ၂၀၁၅ မှာ ရလာတဲ့ startup အိုင်ဒီယာကောင်းတစ်ခုကို လူတိုင်းစားသုံးနိုင်တဲ့ သတင်းတစ်ပုဒ်လို ဖန်တီးနိုင်ခဲ့တာကိုက Hu ရဲ့အရည်အချင်းလို့ ပြောရမှာပါ။ 


Hu Weiwei ဘာတွေ လုပ်ခဲ့လဲ


Photo: chinadaily

၁၉၈၂ ဖွား Hu ဟာ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၄ ခုနှစ်အထိ Zhejiang City College ဂျာနယ်လစ်ဇင်ဌာနမှာ ကျောင်းတက်ပြီး ဆက်သွယ်ရေးပညာနဲ့ ဘွဲ့ရခဲ့သူ ဖြစ်ပါတယ်။ ကျောင်းပြီးတဲ့နောက် ကားပိုင်းဆိုင်ရာ နည်းပညာသတင်းထောက် ၊ နည်းပညာဈေးကွက်သတင်းရေးသူ အဖြစ် အလုပ်လုပ်ခဲ့ပြီး ၂၀၁၄ မှာ ကိုယ်ပိုင် အွန်လိုင်းကားမီဒီယာပလက်ဖောင်းဖြစ်တဲ့ GeekCar ကို တည်ထောင်ခဲ့ပါတယ်။


တကယ်တော့ Hu ဟာ စွန့်စားခန်းဖွင့်ချင်တဲ့စိတ်အခံရှိသူလို့ ဆိုရမှာပါ။ Hu ရဲ့ အသက်မွေးမှုအိပ်မက်က စစ်သတင်းထောက်ဖြစ်ဖို့လို့ ဆိုပါတယ်။ နောက်တော့ ကျောင်းက ဘွဲ့ရပြီး အလုပ်အကိုင်အခွင့်အလမ်း ပိုများတဲ့ မော်တော်ကားပိုင်းဆိုင်ရာ စီးပွားရေးသတင်းနဲ့ ဇာတ်လမ်းတွေကို သတင်းထောက်ဖို့ ရွေးချယ်ဖြစ်လာတာပါ။ National Business Daily မှာ ဆယ်စုနှစ်တစ်ခုနီးပါး အလုပ်လုပ်ခဲ့ပြီးနောက်မှ GeekCar ကို ထောင်ခဲ့တာ ဖြစ်ပါတယ်။ 


ကိုယ်တိုင်ကလည်း ကားသတင်းနဲ့ ဈေးကွက်ပိုင်းမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရင့်ကျက်လာသူ ဖြစ်သလို ဒီနယ်ပယ်မှာလည်း အဆက်အသွယ်ကောင်းတွေ ရှိထားပြီး ဖြစ်ပေမယ့် တကယ်တမ်း Mobike ကို ထောင်ဖို့ အိုင်ဒီယာရလာတာက နာမည်ကျော် ရင်းနှီးမြှပ်နှံသူ Li Bin (William Li - NIO လျှပ်စစ်ကားကုမ္ပဏီ တည်ထောင်သူနဲ့ CEO) နဲ့ စကားပြောရာကနေ ရလာတယ်လို့ ဆိုပါတယ်။ 


Mobike ဘယ်လို ဖြစ်လာသလဲ



အပေါ်မှာ ပြောခဲ့တဲ့အတိုင်း Hu မှာ Auto Industry ထဲက စက်မှုဒီဇိုင်းပညာရှင်တွေ နဲ့ တခြား ယာဉ်နဲ့ မြို့တွင်းသွားလမ်းကြောင်းပိုင်း ကျွမ်းကျင်သူ မိတ်ဆွေတွေရှိပါတယ်။ ဒီမိတ်ဆွေတွေနဲ့လည်း Hu ဟာ မကြာမကြာဆိုသလို တွေ့ဆုံဖြစ်ပြီး မြို့တွင်းသယ်ယူပို့ဆောင်ရေးအနာဂါတ်ကို နည်းပညာနဲ့ ဘယ်လို ပုံဖော်ကြမလဲဆိုပြီး ဆွေးနွေးလေ့ ရှိပါတယ်။ တစ်နေ့မှာ စကားပြောရင်းနဲ့ Li Bin က စမတ်နည်းပညာသုံး စက်ဘီးငှားတဲ့ စိတ်ကူးအကြောင်း ပြောဖြစ်သွားရာကနေ သူမကို လမ်းကြောင်းမှန်ပေါ် ရောက်စေခဲ့တာလို့ Hu က နောက်ကြောင်းပြန်ပြပါတယ်။


စမတ်နည်းပညာသုံး Bike Sharing ဆိုတာ GPS ချိတ်ထားတဲ့ စက်ဘီးတွေကို App ကနေ တစ်ဆင့် ငှားရတာပါ။ Dockless စနစ်ဖြစ်လို့ သော့ခတ်စရာမလိုဘဲ ရောက်တဲ့နေရာမှာ ထားခဲ့နိုင်တဲ့ Bluetooth Lock စနစ် သုံးထားတာ ဖြစ်ပါတယ်။ ဒီအိုင်ဒီယာကို လုပ်ဖော်ကိုင်ဖက်တွေ ချပြချိန်မှာ စက်ဘီးတွေ အကုန်ခိုးခံရနိုင်တယ်ဆိုပြီး ကန့်ကွက်တာ ကြုံခဲ့ရသလို တချို့တွေလည်း ဒီထက် ပိုရိုးရှင်းပြီး အလုပ်ဖြစ်မယ့် Startup အိုင်ဒီယာထုတ်ဖို့ပါ ပြောခဲ့တာတွေ ရှိပါတယ်။


ခေါင်းမာပြီး ကိုယ်ယုံတာကို ဖြစ်အောင် လုပ်တတ်တဲ့ Hu ကတော့ ၂၀၁၅ မှာ သူမစိတ်ကူးထဲကအတိုင်း Mobike ကို တည်ထောင်ခဲ့ပါတယ်။ အများထင်ထားတဲ့အတိုင်း Mobike စစချင်းမှာ ပြဿနာပေါင်း သောင်းခြောက်ထောင် တက်ခဲ့ပါတယ်။ အစောပိုင်းက Mobike တည်ထောင်ရာမှာ ပါဝင်ခဲ့သူ အတော်များများဟာ Startup တွေရဲ့ ထုံးစံ လုပ်ငန်းဘေးကြပ်နံကြပ်ဖြစ်ချိန်မှာ တစ်ယောက်ပြီးတစ်ယောက် စွန့်ခွာခဲ့တာကြောင့် Hu တစ်ယောက်ပဲ ကျန်တဲ့ Mobike အဖွဲ့ကို ဦးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။


လူနည်းနည်းပဲ ကျန်ခဲ့ချိန်မှာ Hu ဟာ ရှိသမျှ စက်ဘီး Brands အားလုံးနဲ့ စကားပြောပြီး လိုချင်တဲ့ စက်ဘီးထုတ်ပေးဖို့ ဆွေးနွေးခဲ့ပေမယ့် တစ်ခုမှ သူမလိုချင်တဲ့အတိုင်း ထုတ်မပေးနိုင်တာနဲ့ ကြုံခဲ့ပါတယ်။ Hu လိုချင်တဲ့ ထုတ်ကုန်ဟာ ပေါ့ပါးပြီး ၊ အကြမ်းခံရမယ် ၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ ထုတ်ကုန်ဖြစ်ပြီး QR Code ကို စကင်ဖတ်ရုံနဲ့ စက်ဘီးကို သော့ဖွင့်နိုင်ရမယ်လို့ သတ်မှတ်ထားတာပါ။ 


နောက်တော့ Mobike အတွက် ရလာတဲ့ ရံပုံငွေ ဒေါ်လာ ၅ သန်းကို သုံးပြီး Hu ဟာ မိတ်ဆွေဖြစ်တဲ့ Automobile Designer ဖြစ်သူ Wang Chao ရဲ့ အကူအညီနဲ့ ကိုယ်ပိုင် လက်ဖြစ် Mobike စက်ဘီးမော်ဒယ်ကို ထုတ်နိုင်ခဲ့ပါတယ်။ ဒီမော်ဒယ်ကို Auto ဈေးကွက်ထဲက Material Suppliers အများအပြားနဲ့ ပေါင်းပြီး အမြောက်အများထုတ်လုပ်နိုင်တဲ့ အဆင့် ရောက်ခဲ့ပါတယ်။ ဒီနောက်ပိုင်းကတော့ Mobike ရဲ့ အကောင်းဆုံးနဲ့ အတောက်ပဆုံး နေသာချိန်တွေပါပဲ။ 


နေ့ချင်းညချင်း ရွှေတွင်းဖြစ်လာတဲ့ စီးပွားရေး


Photo: SCMP

Mobike ကို ဧပြီ ၂၀၁၆ မှာ ရှန်ဟိုင်းလမ်းမတွေပေါ် တင်နိုင်ခဲ့ပါတယ်။ ပထမအသုတ်မှာတင် Mobike စက်ဘီးနဲ့ ဝန်ဆောင်မှုဟာ လူထောင်ပေါင်းများစွာရဲ့ အသည်းကို ဆွဲကိုင်နိုင်ခဲ့ပါတယ်။ နှစ်အကုန်မှာပဲ Mobike ဟာ ရှန်ဟိုင်းကို ကမ္ဘာ့အကြီးဆုံး Bike-Sharing City တစ်ခုအဖြစ် အသွင်ပြောင်းနိုင်ခဲ့ပါတယ်။ နာမည်ကြီးတရုတ်ဂိမ်းကုမ္ပဏီ Tencent ကလည်း ၂၀၁၇ နှစ်လယ်မှာ ဒေါ်လာ သန်း ၆၀၀ ထည့်ဝင်လာခဲ့ပြီး ကုမ္ပဏီတန်ဖိုး ဒေါ်လာ ၃ ဘီလျံအထိ ရှိလာခဲ့ပါတယ်။ 


Mobike လည်း ကာဗွန်လျှော့ချရေးအားပေးမှုကြောင့် ကုလသမဂ္ဂက ပေးတဲ့ 2017 Champions of The Earth ဆု ရခဲ့ပါတယ်။ ၂၀၁၈ အထိ အချက်အလက်တွေအရ Mobike ကို နိုင်ငံပေါင်း ၁၉ နိုင်ငံ မြို့ပေါင်း ၂၀၀ ကျော်မှာ လုပ်ငန်း လည်ပတ်နေပြီး ဒီဝန်ဆောင်မှုကို မှတ်ပုံတင်သုံးစွဲနေသူ သန်း ၂၀၀ ကျော် ရှိနေပြီလို့ ဆိုပါတယ်။ ၂၀၁၈ ထဲမှာပဲ Mobike ကို တရုတ် ဝက်ဘ်ကုမ္ပဏီ Meituan-Dianping က ဒေါ်လာ ၂.၇ ဘီလျံနဲ့ ဝယ်ခဲ့ပြီးနောက် Meituan Bike အဖြစ် နာမည်ပြောင်းခဲ့ပါတယ်။ 


Hu ကတော့ ၂၀၁၈ ဒီဇင်ဘာမှာ ပုဂ္ဂိုလ်ရေးကိစ္စနဲ့ Mobike ကနေ ထွက်ခွာခဲ့ပါတယ်။ ၂၀၁၉ မေလထဲမှာ သူမဟာ Eric Liu နဲ့အတူ ဒေါ်လာ ၁၀ သန်း မ,တည်ပြီး ဒီဂျစ်တယ် နည်းပညာကုမ္ပဏီတစ်ခုထောင်ထားတယ်လို့ ဆိုပါတယ်။ မြို့တွင်းစမတ်စက်ဘီးငှား ဝန်ဆောင်မှုလောကကို ဦးဆောင်ခဲ့တဲ့ ထက်မြက်ထူးခြားတဲ့အမျိုးသမီးတစ်ယောက်ရဲ့ နောက်ထပ်စွန့်စားခန်းတွေ ဆက်ကြားရဦးမှာပါ။ 


ဆက်စပ်အကြောင်းအရာများ



က္က