စက်ရုံအလုပ်သမားသားဘဝကနေ အမြင့်ဆုံးအထိ လမ်းဖောက်နိုင်ခဲ့ပါတယ်

ဂျက်မားကို တရုတ်မှာ e-Commerce နဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်လို့ လူအတော်များများက မြင်ကြပါတယ်။ တကယ်က e-Commerce လုပ်ငန်းနဲ့ တရုတ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဟာ ဂျက်မားထက် အသက် ၁၅ နှစ်တိတိငယ်တဲ့ ကောလင်းဟွမ် ဆိုသူပါပဲ။


ဟွမ် ဘာတွေလုပ်ခဲ့လဲ



Photo: justrichest



               ကောလင်းဟွမ် (ဟောင်ချန်) ဟာ အောက်ခြေကတက်လာတဲ့ ဘီလျံနာတစ်ဦးဖြစ်ပြီး နာမည်ကြီး ကုန်စုံဈေးကွက်ပလက်ဖောင်းဖြစ်တဲ့ Pinduoduo တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်ပါတယ်။ လုပ်ငန်းထောင်ပြီး ၅ နှစ်အတွင်းမှာကို Pinduoduo သုံးစွဲသူ ၇၈၈.၄ သန်းနဲ့ Alibaba ထက် ဖောက်သည်ပိုများအောင် ဆွဲဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲမှာ CEO ရာထူးကနေ ဆင်းပြီး အခုနှစ် မတ်လထဲမှာ ဥက္ကဌရာထူးကနေပါ ဆင်းသွားခဲ့သူ ဖြစ်ပါတယ်။


               Pinduoduo ကို ဦးဆောင်ခဲ့တဲ့ ၅ နှစ်ကျော် ၆ နှစ်အတွင်း သူ့ရဲ့ ဦးဆောင်မှုဟာ အထူးတလည် ပြောစမှတ်တွင်ကျန်ခဲ့ပါတယ်။ ဟွမ်ဟာ Pinduoduo ကို တရုတ်နိုင်ငံရဲ့ အကြီးဆုံး စိုက်ပျိုးရေးအဓိက နည်းပညာပလက်ဖောင်းအဖြစ် ပုံဖော်ခဲ့သူ ဖြစ်ပါတယ်။ ဒီပလက်ဖောင်းကနေ လယ်သမားတွေနဲ့ လက်ကားဖြန့်သူတွေကို စားသုံးသူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး အရောင်းအဝယ်လုပ်နိုင်အောင် တည်ထောင်ခဲ့တာပါ။

               ၂၀၁၉ ခုနှစ်မှာ ကုန်သည်ပေါင်း ၆ သိန်း နီးပါးဟာ Pinduoduo ပလက်ဖောင်းကနေ သူတို့ရဲ့ လယ်ယာထွက်ကုန်တွေ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ Pinduoduo ရဲ့ စီးပွားရေးပုံစံဟာ လူမှုစီးပွားကူးသန်းမှုနဲ့ စားသုံးသူမှ ထုတ်လုပ်သူ ချိတ်ဆက်ရေးကို အသားပေးထားတာပါ။ ဒီ Trend ဟာ နောင်လာမယ့် ကမ္ဘာ့ e-Commerce ရဲ့ အလားအလာပုံစံလို့တောင် ချီးကျူးခံခဲ့ရပါတယ်။


              ဘယ်လိုလူမျိုးလဲ။ သူ့နောက်ခံက ဘယ်ကလာတာလဲ။



Photo: FT

               ဟွမ်ကို တရုတ်နိုင်ငံအရှေ့ပိုင်း ဇီချန်ပြည်နယ် ဟန်ကျိုးမြို့စွန် ဆင်ခြေဖုံးအရပ်နေ စက်ရုံအလုပ်သမားမိဘနှစ်ပါးကနေ ၁၉၈၀ မှာ ဖွားမြင်ခဲ့ပါတယ်။ ငယ်ငယ်က သိပ္ပံပညာရှင်ဖြစ်ဖို့ အိပ်မက်ရှိခဲ့တဲ့သူဟာ သင်္ချာအိုလံပစ်ဆုရချိန်မှာ သူ့ဆရာကြောင့် ဘဝလမ်းကြောင်း ပြောင်းသွားခဲ့ပါတယ်။ ဆရာဖြစ်သူက သူ့ကို အထူးလက်ရွေးစင်တွေပဲ ထားတဲ့ ဟန်ကျိုးနိုင်ငံခြားဘာသာသင်ကျောင်း HFLS မှာ ဝင်ခွင့် test ဖြေဖို့ တိုက်တွန်းခဲ့ရာကနေ စပါတယ်။

               HFLS ကို စဝင်စဉ်က နိုင်ငံခြားဘာသာစကားတွေပဲ သင်ရမယ်ထင်ပြီး မတက်ချင်ဖြစ်ခဲ့ဖူးတယ်လို့ ဟွမ်က နောက်ပိုင်းမှာ ပြန်ပြောပါတယ်။ "ကျွန်တော်က သင်္ချာ ၊ရူပနဲ့ ဓါတုဘက်မှာ ချွန်တဲ့ကျောင်းမျိုး သွားချင်ခဲ့တာ" လို့ ဟွမ်က ပြောပါတယ်။ နောက်တော့ ကျောင်းအုပ်ကြီးရဲ့ တိုက်တွန်းချက်ကို မငြင်းချင်တာနဲ့ တက်ဖြစ်ခဲ့ရာကနေ သူဟာ အဲ့ဒီခေတ် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ရှားရှားပါးပါး အင်တာနက်သုံးနိုင် ၊ နိုင်ငံတကာမိတ်ဆွေဖွဲ့နိုင်တဲ့ လူနည်းစုတရုတ်လူငယ်တွေထဲက တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

               Liberal ဆန်တဲ့ ကျောင်းတက်ခဲ့တာကြောင့် အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ဩဇာကို သူများထက် စောပြီး ထိတွေ့သိရှိနားလည်ခဲ့တာက သူ့အတွက် ရှေ့လာမယ့်ဘဝခရီးအတွက် ပြင်ဆင်မှုဖြစ်ခဲ့ပါတယ်။ အသက် ၁၈ နှစ်မှာ ဟွမ်ဟာ ဇီချန်တက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံတန်း တက်ပါတယ်။ လူတော်တစ်ယောက်ဖြစ်လို့ ပထဆုံးနှစ်မှာပဲ Melton Foundation က ကမ္ဘာအရပ်ရပ် ထူးချွန်လူငယ်တွေရွေးရာမှာ ဟွမ်ကိုလည်း Fellowship အနေနဲ့ ခေါ်သွားပါတယ်။

               အဲ့ဒီမှာ Fellows အချင်းချင်းဆက်သွယ်ဖို့ ကွန်ပျူတာနဲ့ အင်တာနက်ပေးထားသလို ဖောင်ဒေးရှင်းအစီအစဉ်နဲ့ တစ်နှစ်ကို မန်ဘာနိုင်ငံတစ်ခုဆီ အလည်အပတ်သွားရပါတယ်။ ဒီအတွေ့အကြုံတွေက ဟွမ်ကို တရုတ်က တခြားသူတွေထက် နိုင်ငံတကာအမြင်ပိုကျယ်အောင် တမင်လေ့ကျင့်ပေးသလို ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ကျောင်းသားဘဝမှာ အခန်းထဲ နံပါတ်တစ်ဖြစ်ဖို့ ၊ ရိုးသားကြိုးစား ကျောင်းသားကောင်းတစ်ယောက် ဖြစ်ဖို့ပဲ ကြိုးစားခဲ့ရတာကိုတော့ နောင်တရမိတယ်လို့ နောက်ပိုင်းမှာ ဟွမ်က Medium မှာ ပြန်ရေးခဲ့ပါတယ်။

               

               နိုင်ငံတကာလုပ်ငန်းအတွေ့အကြုံတွေ



Photo: ceoworld


               ဟွမ်ဟာ သူ့ရဲ့ ပထမဆုံးအလုပ်လစာကို Microsoft ဆီက ရပါတယ်။ ဘေဂျင်းမှာရှိတဲ့ Microsoft ရုံးမှာ အလုပ်သင် Intern ဆင်းရင်း ရတာပါ။ ဘွဲ့ရတော့ Microsoft မှာထက် Google မှာ အလုပ်လုပ်ဖို့ သူ့ဆရာတစ်ယောက်က အကြံပေးရာကနေ Google မှာ သုံးနှစ်လောက် လုပ်မယ်ဆိုပြီး အလုပ်ဝင်ခဲ့တာပါ။ ကွန်ပျူတာသိပ္ပံမဟာဘွဲ့ကို ဝစ္စကွန်ဆင်တက္ကသိုလ်က ၂၀၀၄ မှာ ရပြီးတာနဲ့ Google မှာ Full-Time အလုပ်ဆင်းခဲ့ပါတယ်။

               စဝင်တော့ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ နောက်တော့ ထုတ်ကုန်မန်နေဂျာ။ အဲ့ဒီအချိန်က Google က တရုတ်ကို ဝင်ဖို့ ပြင်ဆင်နေတဲ့အချိန်။ Google ကလည်း ၂၀၀၄ မှာ ဝင်ငွေ ဒေါ်လာ ၁.၉ ဘီလျံကျော်အထိ ရလာခဲ့ပြီး စခေတ်ကောင်းလာတဲ့အချိန် ဖြစ်ပါတယ်။ "လုပ်ငန်းလည်ပတ်အမြတ်ငွေကလည်း ထိုးတက် ဝန်ထမ်းဦးရေကလည်း မြန်မြန်တိုးပွားလာတယ်" လို့ ဟွမ်ပြောပါတယ်။ သူ့ဘဏ်အကောင့်ထဲမှာလည်း ငွေသံတရွှင်ရွှင်နဲ့ သာယာတဲ့ခေတ်တစ်ခေတ်မှာ သူအလုပ်ဝင်ဖြစ်သွားတာပါ။

               Google က ထွက်ပြီးပြီးချင်း ၃ - ၄ နှစ်လောက်အထိ သူဘယ်လောက်ကံကြီးတယ်ဆိုတာ မသိခဲ့ဘူးလို့ ဟွမ်က ပြောပါတယ်။ Google လို ကုမ္ပဏီမှာ အဲ့ဒီအချိန်တုန်းက အလုပ်ရဖို့ဆိုတာ ဗြဟ္မာ့ပြည်က အပ်တစ်စင်း ၊ သူကတော့ ဘဝမှာ တစ်ခါလောက်ဆိုသလို ရခဲလှတဲ့ အခွင့်အရေးကြီးကို သာသာယာယာပဲ ရယူနိုင်ခဲ့တာမှန်း ဖြည်းဖြည်းချင်း ပြန်သဘောပေါက်သွားတာပါ။

               ၂၀၀၇ မှာ Google ကနေ အလုပ်ထွက်သွားပြီးနောက်မှာ ဟွမ်ဟာ Ouku ဆိုတဲ့ eCommerce ဆိုက်တစ်ခု ထောင်ပါတယ်။ ဒီဆိုက်က လူသုံးကုန်အီလက်ထရွန်းနစ်နဲ့ အိမ်သုံးပစ္စည်းတွေ ရောင်းတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ လုပ်ငန်း ၃ နှစ်မှာ Ouku ကို ဒေါ်လာ ၂.၂ သန်းနဲ့ပြန်ရောင်းထုတ်ပါတယ်။ ဒုတိယလုပ်ငန်းတစ်ခုဖြစ်တဲ့ Leqi က နိုင်ငံခြား Brands တွေကို တရုတ်ပြည် eCommerce ပလက်ဖောင်းတွေပေါ်မှာ ဈေးကွက်ရှာလို့ရအောင် ကူညီပေးတဲ့ ဝက်ဆိုက်ဖြစ်ပါတယ်။ Leqi ပြီးတော့ တတိယမြောက် startup ဖြစ်တဲ့ Xunmeng ဂိမ်းစတူဒီယိုကို ထောင်ခဲ့ပါတယ်။


               Pinduoduo ကိုဘယ်လို ထောင်ခဲ့တာလဲ


Photo: forbes


               ၂၀၁၅ မှာ Pinduoduo ကို ဟွမ် စပြီး မထောင်ခင်ကတည်းက တရုတ်နိုင်ငံ e-Commerce လောကကို Alibaba နဲ့ JD.com တို့က လွှမ်းမိုးထားတာပါ။ ဒီအကြားကနေ လယ်သမားနဲ့ စားသုံးသူတွေအကြား ချိတ်ဆက်ဝယ်ယူရေးပလက်ဖောင်းဖြစ်တဲ့ Pinduoduo ကို သူထောင်သွားတာပါ။ ကမ္ဘာပေါ်မှာ Pinduoduo ကို တိုးတက်မှု အမြန်ဆုံး အင်တာနက်ကုမ္ပဏီအဖြစ် ပြောကြပါတယ်။


               လုပ်ငန်းထောင်ပြီး ၃ နှစ်အတွင်းမှာ Nasdaq မှာ အများပိုင်ရှယ်ယာရောင်းချနိုင်ခဲ့ပြီး IPO ဒေါ်လာ ၁.၆ ဘီလျံတန် လုပ်ငန်းဖြစ်သွားပါတယ်။ Reuters သတင်းအရ တရုတ်ကုမ္ပဏီတစ်ခုအနေနဲ့ ဒုတိယအကြီးဆုံးပမာဏလို့ ဆိုပါတယ်။ eCommerce နဲ့ ဂိမ်းဘက်မှာ အတွေ့အကြုံကောင်းကောင်း ရှိထားတဲ့ ဟွမ်ဟာ အွန်လိုင်းဈေးဝယ်မှုကို ဂိမ်းဆန်အောင် လုပ်ရင် အောင်မြင်မယ်ဆိုတာ တွက်ချက်ထားပြီးသား ဖြစ်ပါတယ်။


               Pinduoduo ဟာ ဂိမ်းပုံစံလုပ်ထားတဲ့ Shopping App ဖြစ်ပါတယ်။ ဝယ်သူတွေဟာ ဈေးဝယ်နေတုန်းမှာ သရက်ပင်ပုံစံ လေးကို ရေလောင်းနိုင်ပါတယ်။ ရေလောင်းရင်း ကြီးလာလို့ တန်းတစ်ခုရောက်လာရင် အဲ့ဒီဝယ်သူတွေဆီ သရက်သီးတစ်သေတ္တာ အလကားပို့ပေးပါတယ်။ ဒီနည်းနဲ့ App ကို နေ့တိုင်းသုံးချင်အောင် အားပေးပါတယ်။ ဟွမ်ကိုယ်တိုင်ပြောကြားချက်အရ Pinduoduo ဟာ Costco နဲ့ Disneyland နှစ်ခုပေါင်းထားတဲ့ ပုံစံမျိုးလို့ ဆိုပါတယ်။


               နောက်တစ်ခုက Pinduoduo သုံးသူတွေဟာ တခြားသူတွေ ဒီပလက်ဖောင်းကို ရောက်လာအောင် ခေါ်နိုင်ပြီး ဂိမ်းမှာ ဝင်ကစားချင်အောင် လုပ်နိုင်သူတွေကိုလည်း ပိုက်ဆံချီးမြှင့်ပါတယ်။ သူ့ရဲ့ နည်းလမ်းဟာ ဝယ်သူ ၊ ရောင်းသူအားလုံးကို အကြီးအကျယ်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ရောင်းသူဆီက ကြော်ငြာခဟာ ပစ္စည်းရောင်းတာထက် ကုမ္ပဏီကို ငွေပိုရစေခဲ့ပါတယ်။ ဈေးချရောင်းတာတွေ ၊ အရည်အသွေးနိမ့်ပစ္စည်းတွေကြောင့် Pinduoduo တော့ ရေရှည် ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ တွက်ခဲ့သူတွေလည်း ရှိပါတယ်။


               ဒါပေမယ့်လည်း လူသန်းပေါင်းများစွာ နေထိုင်တဲ့ တရုတ်ကဝင်ငွေနည်း မြို့တွေရော ရှန်ဟိုင်းနဲ့ ဘေဂျင်းလို မြို့ကြီးတွေမှာရော Pinduoduo ဟာ ပေါက် ခဲ့ပါတယ်။ လုပ်ငန်းသက်တမ်း ၅ နှစ်ကျော်မှာ သုံးစွဲသူ ၇၈၈ သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့သလို ဒီလုပ်ငန်းကို တည်ထောင်ခဲ့တဲ့ ဟွမ်လည်း ဒေါ်လာ ၅၅.၃ ဘီလျံ ချမ်းသာပြီး တရုတ်မှာ အဖျော်ယမကာလုပ်ငန်းရှင် ဇောင်ရှန်ရှန် (ဒေါ်လာ ၆၈.၉ ဘီလျံ) နဲ့ Tencent လုပ်ငန်းသူဌေး မာဟွာတန် (ဒေါ်လာ ၆၅.၈ ဘီလျံ) ပြီးရင် အချမ်းသာဆုံး တရုတ်သူဌေးကြီး ဖြစ်လာခဲ့ပါတယ်။

               

               ရှေ့ခရီး


               ဟွမ်ကတော့ စွန့်ဦးတီထွင်သမားပီပီ နောက်ထပ်စွန့်စားခန်းဖွင့်ဖို့ Pinduoduo ကို တခြား CEO တစ်ယောက်လက်ထဲ အပ်ခဲ့လိုက်ပါပြီ။ Pinduoduo ဥက္ကဌရာထူးကနေ အနားယူကြောင်း ကြေညာချက်မှာ မျိုးဆက်သစ်ခေါင်းဆောင်တွေအတွက် လမ်းဖွင့်ပေးဖို့ ရာထူးက ဆင်းတာလို့ ဖော်ပြထားပါတယ်။ သူ့အပေါ် ကျေးဇူးကြီးခဲ့တဲ့ မိခင်ကျောင်းတော်ကြီး ဇီချန်တက္ကသိုလ်ကိုလည်း ဇီဝဓါတုသိပ္ပံ ၊ စိုက်ပျိုးရေးနဲ့ အစားအသောက်ပိုင်း သုတေသနအတွက် ဒေါ်လာသန်း ၁၀၀ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ ။



က္က