upgrade လုပ်ထားတဲ့ တန်ဖိုးနည်း စမတ်လက်ပတ်ပါ

ဈေးနှုန်းသက်သာတဲ့ fitness band သစ်ဖြစ်တဲ့ Xiaomi Mi Band 5 ကို တရုတ်မှာ ဖြန့်ချိသွားပါတယ်။

Xiaomi Mi Band 4 ကို ဆက်ခံတဲ့ Mi Band 5 ဟာ ဒီဇိုင်းပိုင်းနဲ့ တစ်ခြား features သစ်တွေ အဆင့်မြှင့်ထားပါတယ်။ ပထမဆုံး upgrade လုပ်ထားတာက AMOLED display ပါ။ Mi Band 5 ဟာ သူ့အရင် Mi Band 4 ရဲ့ display ထက် ၂၀% ပိုကြီးတဲ့ display နဲ့ လာပါတယ်။



Photo: GSMArena

Mi Band 4 ဟာ ၀.၉၅ လက်မအရွယ်အစား ရှိခဲ့ရာကနေ Xiaomi Mi Band 5 ဟာ ၁.၂ လက်မအထိ အရွယ်အစား မြှင့်ထားတယ်လို့ XDA-Developers က ဆိုပါတယ်။ display အရွယ်အစား တိုးထားသလို watchfaces တွေကိုလည်း လူကြိုက်များတဲ့ Neon Genesis Evangelion, Case Closed, Hatsune Miku နဲ့ SpongeBod SquarePants စတဲ့ အန်နီမေးရှင်းဇာတ်ကောင်တွေ ပါတဲ့ watchfaces သစ်ပေါင်း ၁၀၀ ကျော် ထည့်ပေးထားပါတယ်။ 

ဒီစမတ်လက်ပတ်မှာ sports modes ပေါင်း ၁၁ ခုနဲ့အတူ ခြေရာခံမှု ပိုကောင်းအောင် လုပ်ထားတဲ့ professional sensor ၊ လေဖိအားတိုင်းကိရိယာတစ်ခု ၊ NFC စနစ် ၊ အဆင့်မြှင့်ထားတဲ့ အိပ်စက်မှုစောင့်ကြည့်ရေးနဲ့ ရေအနက် မီတာ ၅၀ အထိ အစိမ်ခံရတဲ့ 5 ATM ရေစိုခံမှုလည်း ပါဝင်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာတွေက သံလိုက်အားသွင်း dock တစ်ခု ၊ အဝေးထိန်း ကင်မရာလုပ်ဆောင်ချက်စနစ်နဲ့ အမျိုးသမီးများ ဓမ္မတာစက်ဝိုင်း စောင့်ကြည့်စနစ်တွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။


Photo: GSMArena


Mi Band 5 ဟာ နှလုံးခုန်နှုန်း စောင့်ကြည့်မှုကိုလည်း အဆင့်မြှင့်တင်ထားပြီး ပုံမှန်မဟုတ်တဲ့ နှလုံးခုန်မှုကို ထောက်လှမ်းသိရှိတာနဲ့ သုံးစွဲသူကို အချက်ပြသွားမှာပါ။ Xiaomi ဟာ Mi Band 5 ရဲ့ ဘက်ထရီသက်တမ်းကို ၁၄ ရက်အထိ အသုံးခံမယ်လို့ ပြောထားပါတယ်။ Mi Band 5 ကို ဇွန်လ ၁၈ ရက်နေ့မှာ NFC ဗားရှင်းနဲ့ ရိုးရိုး NFC မပါတဲ့ ဗားရှင်းအဖြစ် နှစ်မျိုး ရောင်းချသွားမှာပါ။

တရုတ်ဈေးကွက်မှာ Mi Band 5 ရိုးရိုးမော်ဒယ်ကို ၁၈၉ ယွမ် (မြန်မာငွေ ၃ သောင်း ၇ ထောင်ကျော်) နဲ့ NFC ဗားရှင်းကို ၂၂၉ ယွမ် (မြန်မာငွေ ၄ သောင်းခွဲခန့်) ဈေး သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က