90Hz refresh rate နဲ့ လာပါတယ်

Xiaomi ရဲ့ Gaming ဖုန်းအမှတ်တံဆိပ်ခွဲတစ်ခု ဖြစ်တဲ့ Black Shark စီးရီးကနေ အခုဆို Black Shark 3 နဲ့ Black Shark 3 Pro ဆိုပြီး မော်ဒယ်သစ်နှစ်မျိုး ထွက်လာပြီ ဖြစ်ပါတယ်။


အရင်နှစ်က ထွက်လာတဲ့ Black Shark 2 မှာ pressure-sensitive display သုံးပြီး ဂိမ်းကစားရင်း screen ကို ဘယ်ညာရွှေ့တာတွေကို ထိန်းချုပ်ပါတယ်။ အခု Black Shark 3 Pro ဖုန်းသစ်တွေမှာတော့ physical pop-up ခလုတ်တွေ တပ်ဆင်လာပါတယ်။ ဂိမ်းကစားနေချိန်မှာ ၂၁ မီလီမီတာ ကျယ်တဲ့ ခလုတ် နှစ်စုံဟာ ဖုန်းကိုယ်ထည်ပေါ် ၁.၅ မီလီမီတာ တက်လာမှာပါ။



Photo: pandaily

ကုမ္ပဏီရဲ့ အဆိုအရ ဒီခလုတ်ဟာ အကြိမ်ပေါင်း ၃ သိန်းကျော် ဖွင့်ပိတ်နိုင်ပြီး ခလုတ်နှိပ်မှုကို အကြိမ် ၁ သန်းကျော် လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ ဂိမ်းဖုန်းဖြစ်တဲ့ အတိုင်း တကယ့် Gaming Gadget ဒီဇိုင်းနဲ့ လာပြီး ဖုန်းအပူလွန်ကဲမှု လျှော့ချဖို့ စတုတ္ထမျိုးဆက် Liquid Cooling စနစ်လည်း ပါရှိပါတယ်။

Pro ဗားရှင်းဟာ တက်ဘလက်အငယ်စားအရွယ် မျက်နှာပြင် ၇.၁ လက်မရှိပြီး 90Hz refresh rate ပါတဲ့ AMOLED display သုံးထားပါတယ်။ လက်နဲ့ screen ထိတွေ့မှုကို ပိုပြီး သွက်လက်မြန်ဆန်စေမယ့် 270Hz Touch sampling rate ပါရှိပါတယ်။ ၂၀၂၀ မှာ ထွက်တဲ့ flagship ဖုန်းဖြစ်တဲ့အတိုင်း 5G စွမ်းဆောင်ရည် ပါတဲ့ Snapdragon 865 processor ကို သုံးသွားပါတယ်။

WiFi 6 ပံ့ပိုးထားလို့ ကွန်ရက်ချိတ်ဆက်မှု မြန်ဆန်ပြီး RAM ကိုလည်း 8GB ၊ 12GB တွေနဲ့ ထွက်ထားပါတယ်။ storage ကတော့ 256GB ဗားရှင်းတစ်မျိုးပဲ ထွက်ပါတယ်။ Pro မော်ဒယ်မှာ ဘက်ထရီပါဝါ 5000 mAh နဲ့လာပြီး 65W fast charging ပံ့ပိုးပေးထားလို့ မိနစ် ၄၀ မပြည့်ခင် အားအပြည့်သွင်းနိုင်မှာပါ။

ဂိမ်းကစားရင်းနဲ့ ဖုန်းအားသွင်းချင်တယ်ဆိုရင်လည်း ကျောဘက်မှာ Magnetic Charger ကနေ 18W charging နှုန်းနဲ့ ဂိမ်းအဆော့မပျက် အားသွင်းနိုင်မှာပါ။ သတ္ထုနဲ့ မှန်ကိုယ်ထည် သုံးထားတဲ့ ဒီဖုန်းဟာ အပြင်မှာ တွေ့နေရတဲ့ punch-hole တို့ notch ဒီဇိုင်းတို့ မသုံးဘဲ ဘောင်သားတွေ ပါးအောင်သာ သုံးသွားတာပါ။

ကျောဘက် သုံးလုံးတွဲကင်မရာဟာ တြိဂံပုံစံ Camera Setup နဲ့ လာပြီး ဒီထဲမှာ 64MP main camera ၊ 13MP ultra wide နဲ့ 5MP bokeh cameras တွေ ထည့်သွင်းထားပါတယ်။ ရှေ့ဘက်မှာ 20MP ဆယ်လ်ဖီကင်မရာ သုံးထားပါတယ်။ Black Shark 3 ရိုးရိုးမော်ဒယ်ဟာ မျက်နှာပြင် ၆.၆၇ လက်မ ၊ 4720 mAh ဘက်ထရီနဲ့ လာပြီး pop-up trigger ခလုတ်တွေ မပါရှိပါဘူး။


Photo: Engadget

Pro မော်ဒယ်နဲ့ နောက်ထပ် မတူတဲ့အချက်က RAM/storage ဗားရှင်းကို 8GB/128GB ၊ 12GB/128GB နဲ့ 12GB/256GB ဆိုပြီး သုံးမျိုး ထွက်ထားတာပါ။ ရိုးရိုးမော်ဒယ်ကို Lightning Black ၊ Armor Gray နဲ့ Star Silver ကာလာ ၃ ရောင်နဲ့ ထုတ်ထားပြီး Pro မော်ဒယ်ကတော့ Phantom Black နဲ့ Armor Gray ကာလာ ၂ ရောင်နဲ့ ထွက်ထားပါတယ်။

Black Shark 3 ကို ၃၄၉၉ ယွမ် (မြန်မာငွေ ၇ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာ ဖြစ်ပြီး Black Shark 3 Pro ကိုတော့ ၄၆၉၉ ယွမ် (မြန်မာငွေ ၉ သိန်း ၆ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က